ငါးနှစ်အရွယ် KG ကျောင်းသူလေးကို အဓမ္မကျင့် သတ်ဖြတ်ပြီး နားကပ်ယူသွားသူကို ဖမ်းမိ
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ —ကျေးရွာက အသက် ၅ နှစ်အရွယ် KG ကျောင်းသူလေးကို အဓမ္မကျင့် သတ်ဖြတ်ပြီး ရွှေနားကပ် လုယက်ခဲ့တဲ့ အမျိုးသားကို ဒီကနေ့ ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်း၊ နတ်တလင်းမြို့ပေါ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ဒီကနေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်က နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးမှာ ပြစ်မှုကျူးလွန်သူ အမျိုးသားကို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ထန်းတပင်မြို့နယ်မှာ ၅ နှစ်အရွယ် ကလေးလေးကို မုဒိမ်းကျင့်ပြီး လုယက်သတ်ဖြတ်သွားတဲ့ကောင်ကို ဒီနေ့မနက် ဗိုလ်ချုပ်လမ်းပေါ်က ထွေအုပ်ရုံးနားမှာ ဖမ်းမိတာ ဖြစ်ပါတယ်။ လောလောဆယ် ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်” လို့ သူက ပြောပြပါတယ်။
ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူဟာ အသက် ၃၃ နှစ်အရွယ်ရှိ ကိုရဲဝင်းပိုင် ဆိုသူဖြစ်ပြီး၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး လွှဲပြောင်းပေးအပ်ဖို့ စီစဉ်နေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။
“ပြစ်မှုကျူးလွန်သူကို သက်ဆိုင်ရာရဲစခန်းက ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်လှစ်ထားပါတယ်။ သူကိုယ်တိုင်လည်း ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားတယ်။ တိုင်းအချင်းချင်း ချိတ်ဆက်ပြီး တရားခံကို လွှဲပြောင်းပေးဖို့ ဆောင်ရွက်နေပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက ထန်းတပင်မြို့နယ်၊ —ကျေးရွာမှာ အသက် ၅ နှစ်အရွယ် KG တန်းတက်ရောက်နေတဲ့ မ—-ဟာ ကျောင်းသွားရန် ပြင်ဆင်နေစဉ် နေအိမ်ကနေ ရုတ်တရက် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
မ— ပျောက်ဆုံးသွားမှုကြောင့် မိဘနှစ်ပါးနဲ့အတူ မိသားစုဝင်တွေက လိုက်လံရှာဖွေခဲ့ကြရာ၊ ည ၁၁ နာရီခွဲအချိန်မှာ —ကျေးရွာ၊ ကံမြင့်လမ်းအနီးရှိ အမှိုက်ပုံမှာ စောင်နဲ့ ပတ်ထုတ်ထားတဲ့ ပီနံအိတ်အတွင်း သေဆုံးနေတဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်သူ အမျိုးသားဟာ ရာဇဝတ်မှုကျူးလွန်ပြီးနောက် နယ်ဝေးသို့ ထွက်ပြေးတိမ်းရှောင်နေရင်း ဇူလိုင်လ ၆ ရက်နေ့တွင် နတ်တလင်းမြို့နယ် ရဲစခန်းက ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ကလည်း အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်မှာ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို အဓမ္မကျင့် သတ်ဖြတ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ဖူးကြောင်း ဒေသတွင်း မှတ်တမ်းတွေအရ သိရပါတယ်။
ဓာတ်ပုံ – Pro/SAC
