ဆောမှာ ပျောက်ဆုံးနေတဲ့ ယာဉ်မောင်းတစ်ဦးရဲ့ ရုပ်အလောင်းကို မြေမြှုပ်ထားလျက် ပြန်လည်တွေ့ရှိ
မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်မှာ ပျောက်ဆုံးနေတဲ့ အသက် (၃၇) နှစ်အရွယ် ယာဉ်မောင်း ကိုမျိုးသူအောင် ရဲ့ ရုပ်အလောင်းကို ဒဏ်ရာဒဏ်ချက်တွေနဲ့အတူ တောတွင်းတစ်နေရာမှာ မြေမြှုပ်ဖျောက်ဖျက်ထားတာကို မနေ့က ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းမှာ ပြန်လည်တွေ့ရှိရကြောင်း ဒေသခံတွေနဲ့ ဒေသတွင်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
ဇူလိုင်လ ၅ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ဆောမြို့နယ်၊ ငှက်ချောင်ကျေးရွာနဲ့ သလယ်ကျေးရွာကြား လမ်းဘေး တစ်ဖာလုံခန့်အကွာ တောတွင်းတစ်နေရာမှာ ဒေသခံပြည်သူတစ်ဦးက ဝါးခုတ်သွားရင်း မြေဖို့ထားတဲ့ မြေဇာပုံတစ်ပုံကို မသင်္ကာဖွယ် တွေ့ရှိရမှ သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ အကြောင်းကြားကာ သွားရောက်တူးဖော်ခဲ့ရာကနေ ပျောက်ဆုံးနေသူ ကိုမျိုးသူအောင် ရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
ရုပ်အလောင်းကို ကနဦးစစ်ဆေးချက်တွေအရ သေဆုံးသူ ကိုမျိုးသူအောင် မှာ မှောက်ခုံအနေအထားဖြင့် မြေမြှုပ်ခံထားရပြီး လည်ပင်းမှာ အစင်းကြောင်းဒဏ်ရာ၊ နောက်ကျောနဲ့ နံကြားတို့မှာ ညိုမဲဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ရုပ်အလောင်း ဘေးနားမှာတော့ သေဆုံးသူပိုင်ဆိုင်တဲ့ ဓားမြှောင်တစ်လက်၊ အင်္ကျီ (၃) ထည်နဲ့ ဆေးကတ် (၂) ကတ်တို့ကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဘောင်းဘီအိတ်ကပ်ထဲမှာလည်း ငွေသား ၂၇,၅၀၀ ကျပ် ကျန်ရှိနေပေမဲ့လည်း သေဆုံးသူ ပျောက်ဆုံးစဉ်က ပါရှိသွားတဲ့ ငွေသား (၆) သိန်းကျပ်၊ OPPO အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံး၊ မှတ်ပုံတင်နဲ့ ယာဉ်မောင်းလိုင်စင်တို့ ထည့်ထားတဲ့ ခါးပတ်အိတ်အသေးတစ်လုံးတို့မှာ ပျောက်ဆုံးနေတယ်လို့ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
သေဆုံးသူ ကိုမျိုးသူအောင် (ကျောက်မကျေးရွာနေသူ) ဟာ ယာဉ်မောင်းတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ နေ့လယ်ပိုင်းက တစ်ရွာတည်းနေ ဟင်းသီးဟင်းရွက်ရောင်းချသူ ကိုဇော်မင်းထွန်း နှင့်အတူ ဆိုင်ကယ် (၂) စီးဖြင့် ထွက်ခွာလာခဲ့စဉ် ငှက်ချောင်ကျေးရွာနဲ့ ညောင်ကန်ကျေးရွာကြား ချောင်းလမ်းတစ်နေရာအရောက်မှာ ကိုမျိုးသူအောင် ရဲ့ ဆိုင်ကယ်ပျက်သွားခဲ့တာကြောင့် သူတစ်ဦးတည်း ဆိုင်ကယ်နဲ့အတူ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ကိုဇော်မင်းထွန်း က ကိုမျိုးသူအောင် ဟာ ဆိုင်ကယ်ပျက်ပြီး ကျန်နေခဲ့ကြောင်း ကားပိုင်ရှင်ထံသို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြား အသိပေးခဲ့ပြီး၊ သလယ်ကျေးရွာဘက်သို့ ဈေးရောင်းချရန် ဆက်လက်ထွက်ခွာခဲ့ပါတယ်။ ဈေးရောင်းပြီးအပြန်မှာ သလယ်ကျေးရွာနဲ့ ငှက်ချောင်ကျေးရွာကြား၌ ကိုမျိုးသူအောင် ရဲ့ ဆိုင်ကယ်ကိုသာ ပြန်လည်တွေ့ရှိရပြီး လူကိုမတွေ့ရတာကြောင့် ကားပိုင်ရှင်ထံ ထပ်မံသွားရောက် အကြောင်းကြားကာ၊ ကားပိုင်ရှင်နဲ့အတူ ဆိုင်ကယ်တွေ့ရှိတဲ့ နေရာအနီးတစ်ဝိုက်မှာ လိုက်လံရှာဖွေခဲ့ပေမဲ့ မတွေ့ရှိတာကြောင့် ဆိုင်ကယ်ကိုသာ ပြန်လည်မောင်းယူခဲ့ကြတယ်လို့ သိရပါတယ်။
ကိုမျိုးသူအောင် ပျောက်ဆုံးနေမှုကို ကားပိုင်ရှင်ဖြစ်သူ မမျိုးမျိုး က သက်ဆိုင်ရာ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တွေထံ အသိပေးအကြောင်းကြားကာ ဝိုင်းဝန်းရှာဖွေခဲ့ကြပေမဲ့ မတွေ့ရှိဘဲ၊ မနေ့က ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းမှာတော့ တောတွင်းချောက်ထဲတစ်နေရာမှာ အသတ်ခံရပြီး မြေမြှုပ်အလောင်းဖျောက်ထားခြင်း ခံရတဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူမှာ ထိုးသွင်းဒဏ်ရာမျိုး မတွေ့ရပေမဲ့လည်း ဒေသခံတွေရဲ့ ပြောဆိုသုံးသပ်ချက်အရ အခြားသူတစ်ဦးဦးက ရက်စက်စွာ သတ်ဖြတ်ပြီး အလောင်းဖျောက်ထားခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုနေကြပြီး၊ လက်ရှိမှာ ကိုမျိုးသူအောင် သေဆုံးမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက အမှုဖွင့်လှစ်ကာ အမှုမှန်ပေါ်ပေါက်ရေးအတွက် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – ယောအလင်းတန်း
