လေပြင်းတိုက်ခိုက်မှုနဲ့ လေဆင်နှာမောင်း တိုက်ခတ်မှုတွေကြောင့် နှစ်ရက်တာအတွင်း အိမ်ခြေ ၂၀၀ ကျော် ပျက်စီး

Author CJ Platform
Categories
Published on Jul 06, 2026

မြန်မာနိုင်ငံတစ်ဝန်း မိုးသက်လေပြင်းကျရောက်မှုတွေနဲ့အတူ မွန်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနဲ့ ရခိုင်ပြည်အတွင်းက မြို့နယ်အချို့မှာ ဇူလိုင်လ ၅ ရက်နဲ့ ၆ ရက်နေ့တို့မှာ လေပြင်းတိုက်ခိုက်တာ၊ လေဆင်နှာမောင်း ဆက်တိုက်တိုက်ခတ်ခဲ့တာကြောင့် လူနေအိမ်ခြေ ၂၀၀ ထက်မနည်း အမိုးလန်ပျက်စီးတာ၊ ပြိုကျတာတွေ ဖြစ်ပွားခဲ့ပြီး သံဃာတော်တွေနဲ့ အရပ်သားအချို့ပါ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

 

လေဆင်နှာမောင်းတိုက်ခတ်မှုတွေဟာ ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်ကစတင်ကာ ညပိုင်း ၉ နာရီဝန်းကျင်အထိတစ်ကြိမ်၊ ဇူလိုင်လ ၆ ရက်နေ့ နံနက်အစောပိုင်းအချိန်မှာ တစ်ကြိမ် ဒေသ အသီးသီးမှာ ကျရောက်ခဲ့တာ ဖြစ်ပါတယ်။

 

မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ ဘုရားကုန်းရပ်မှာ ဒီကနေ့ ဇူလိုင်လ ၆ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်က လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် သစ်ပင်လဲကျကာ နေအိမ်ပေါ်သို့ ပိမိတာ၊ မော်တော်ယာဉ်ပေါ်သို့ ပိမိတာတွေနဲ့အတူ လူနေအိမ် ၁၅ အိမ်ခန့် အမိုးလန်ကာ တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အလားတူ မနေ့က ဇူလိုင်လ ၅ ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်ကလည်း ပေါင်မြို့၊ ကဒါရပ်ကွက်အတွင်း ကွင်းပိုင်းမှစတင်ကာ ကဒါမြို့သစ် ၄ လမ်းမှ ၁၃ လမ်းအထိနဲ့ ကဒုံစီးရပ်ကွက်၊ ဒေးပိန် (၂) အပိုင်းအထိ ၅ မိနစ်ခန့် လေဆင်နှာမောင်း တိုက်ခတ်သွားခဲ့တာကြောင့် ကဒါမြို့သစ်ပိုင်းတွင် နေအိမ် ၉၀ ကျော်၊ စာသင်ကျောင်း ၂ ကျောင်း၊ စိုက်ပျိုးရေးစခန်းနဲ့ ရှင်ဥပဂုတ္တရေကန်ရှိ ကန်တော်ဦးဘုန်းကြီးကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ ဘုန်းကြီးကျောင်းမှ သံဃာတော် ၂ ပါး (တစ်ပါးမှာ ဒဏ်ရာပြင်းထန်) နဲ့ လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

ရန်ကုန်တိုင်းအတွင်းမှာလည်း မနေ့က ဇူလိုင်လ ၅ ရက်နေ့ ည ၈ နာရီခွဲခန့်မှာ လေဆင်နှာမောင်းတိုက်ခတ်ခဲ့တာကြောင့် တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဘိုသိုးကျေးရွာတွင် လူနေအိမ် ၃၀ ခန့် ထိခိုက်ပျက်စီးခဲ့ပြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ မယ်ရကုန်းကျေးရွာအုပ်စု၊ သိုက်ကုန်းကျေးရွာတို့မှာလည်း နေအိမ် ၄ လုံး အမိုးလန်ပြိုလဲခဲ့သလို၊ သုံးခွမြို့နယ်၊ စံပယ်ချောင်ကျေးရွာအုပ်စု၊ အေးသာယာရွာ အရှေ့ဘက်ခြမ်းတွင်လည်း မိုးသက်လေပြင်းကြောင့် နေအိမ်တွေ အမိုးလန်ပျက်စီးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

ဒါ့အပြင် ပဲခူးတိုင်းအနောက်ပိုင်း၊ နတ်တလင်းမြို့နယ်၊ ပဲမခမ်းအုပ်စု၊ ကန်သာယာရွာတွင်လည်း ဇူလိုင်လ ၅ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်က လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့် နေအိမ် ၆၀ ခန့် အမိုးလန်ခြင်း၊ ပြိုကျပျက်စီးခြင်းတွေ ဖြစ်ပေါ်ခဲ့သလို သစ်ပင်လဲကျတာကြောင့် လင်မယား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ သာယာဝတီမြို့နယ်၊ ငဖြူကလေးကျေးရွာမှာလည်း လေဆင်နှာမောင်းကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

 

အလားတူပင် ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ပိန်းတောကြီးကျေးရွာတွင်လည်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၅၀ နီးပါး အမိုးလန်ခြင်းနဲ့ ပြိုကျပျက်စီးခြင်းများ ကြုံတွေ့ခဲ့ရတယ်လို့ သိရပြီး၊ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ တတာပတ်ကြီးကျေးရွာတွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် ကျောင်းဆောင်တစ်ဆောင် ပြိုကျပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

 

လက်ရှိမှာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဒေသအသီးသီးက ဒေသခံပြည်သူတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လမ်းပိတ်ဆို့မှုတွေနဲ့ ပြိုကျပျက်စီးမှုတွေကို ဝိုင်းဝန်းရှင်းလင်း လုပ်ဆောင်နေကြတယ်လို့လည်း သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှတ်တမ်းတွေအရ သိရပါတယ်။

 

ဓာတ်ပုံ – ဘိုဘိုဝင်း Rescue အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့