စားဝတ်နေရေးနဲ့ ဆေးဖိုးကြား အသက်ရှူမဝတဲ့ ပြည်သူတွေ
မန္တလေးမြို့ရဲ့ ပြင်းထန်တဲ့ နေပူရှိန်အောက်မှာ ကိုဒီးဒီး (အမည်လွှဲ) တစ်ယောက်ကတော့ ဆေးဆိုင်တွေကို အပူတပြင်း လိုက်လံရှာဖွေရင်း ဗျာများနေရပါတယ်။ အကြောင်းရင်းကတော့ သူနေ့စဉ် သောက်သုံးရမယ့် ဆေးဝါးတွေကို ဆိုင်တစ်ဆိုင်တည်းမှာ လိုချင်ပေမဲ့လည်း၊ ဆေးဝါးတွေက ဘယ်တုန်းကမှ တစ်ဆိုင်တည်းမှာ စုံစုံလင်လင် မရရှိခဲ့တာကြောင့် ဆိုင်အနှံ့ လှည့်ပတ်ရှာဖွေနေရလို့ ဖြစ်ပါတယ်။
ကိုဒီးဒီး ဟာ နှလုံးသွေးကြောကျဉ်း ဝေဒနာ ခံစားနေရသူတစ်ဦး ဖြစ်ပြီး၊ သူခံစားနေရတဲ့ ရောဂါဟာ နေ့စဉ် ဆေးဝါးပုံမှန် သောက်သုံးဖို့ မဖြစ်မနေ လိုအပ်တဲ့ ဝေဒနာမျိုး ဖြစ်တာကြောင့် ဆေးဝါးတွေကို ပုံမှန်ရရှိစေရန် မန္တလေးမြို့ပေါ်က ဆေးဆိုင်တွေကို နေ့စဉ် လိုက်လံရှာဖွေနေရတာဟာ သူ့ရဲ့ အဓိက အခက်အခဲ ဖြစ်လာပါတယ်။
“ကျနော်က နှလုံးသွေးကြောကျဉ်း ဝေဒနာခံစားရတာကို ၂၀၂၃ ခုနှစ်ထဲကစပြီး သိခဲ့ရတာပါ။ ဆိုတော့ အဲဒီအချိန်ကတည်းက ဆေးဝါးဝယ်ယူခဲ့ရတာတွေက ခက်ခဲခဲ့တာပါ၊ လက်ရှိကတော့ နေ့စဉ် မနက် ည ဆေး ၇ မျိုးလောက် သောက်နေရတာမှာ ၃ မျိုးလောက်က ပုံမှန်ဝယ်ရတာထက် ခက်တယ်။ တစ်ဆိုင်တည်းမရလို့ အနည်းဆုံး သုံးလေးဆိုင်လောက်ထိ လိုက်ရှာဝယ်နေရတယ်” လို့ ကိုဒီးဒီး က ရှင်းပြပါတယ်။
ယခုလိုမျိုး ပင်ပန်းခံပြီး လိုက်လံရှာဖွေ ဝယ်ယူနေရတဲ့အပြင်၊ ဆေးဖိုး ကုန်ကျစရိတ်ကလည်း သူ့အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါတယ်။ နိုင်ငံရဲ့ စီးပွားရေး အကျပ်အတည်းကြောင့် ဘက်ပေါင်းစုံက ကုန်ကျစရိတ်တွေ မြင့်တက်လာခဲ့တာပါ။
ကိုဒီးဒီး တစ်ယောက် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်မှန်း စတင်သိရှိခဲ့ရတဲ့ ၂၀၂၃ ခုနှစ်တုန်းက ဆေးဖိုးကုန်ကျစရိတ်ဟာ တစ်လကို ကျပ် ၂ သိန်းဝန်းကျင်ပဲ ရှိခဲ့ပေမဲ့လည်း၊ လက်ရှိမှာတော့ တစ်လကို ကျပ် ၃ သိန်းခွဲလောက်အထိ ကျသင့်နေတာကြောင့် တရိပ်ရိပ် တက်နေတဲ့ ကုန်ဈေးနှုန်းတွေကြားမှာ သူ့ရဲ့ ဆေးဖိုးကုန်ကျစရိတ်ဟာ အသက်ရှူကျပ်ရတဲ့ အခြေအနေ ဖြစ်လာပါတော့တယ်။
“ရေရှည်စွဲသောက်ရမှာဆိုတော့ မိသားစု စားဝတ်နေရေးထက် တခြားအသုံးစရိတ်တွေကို ဖျစ်ညှစ်ပြီး ချွေတာရတော့တာပေါ့” လို့ သူက လက်ရှိ ရင်ဆိုင်နေရတဲ့ စီးပွားရေးအခြေအနေကို ပြောပြပါတယ်။
ယခုအကျပ်အတည်းတွေကို ခံစားနေရတာ ကိုဒီးဒီး တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆေးဝါးရှားပါးမှုနဲ့ ဆေးဖိုးကုန်ကျစရိတ် ကြီးမြင့်မှုဒဏ်ကြောင့် အသက်ရှူကျပ်နေရတဲ့ ပြည်သူတွေ များစွာရှိနေပါတယ်။ အခြေခံဆေးဝါးတွေကအစ နာတာရှည်ရောဂါဆေးတွေအထိ ဈေးနှုန်းတွေကို အာဏာမသိမ်းခင် အချိန်ကနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပြည်သူတွေရဲ့ လူမှုဘဝ အခက်အခဲကို ပိုပြီး မျက်ဝါးထင်ထင် မြင်တွေ့ရပါလိမ့်မယ်။
အရင်အာဏာမသိမ်းခင်က အလွယ်တကူ ဝယ်ယူလို့ရတဲ့ သွေးတိုးကျဆေး Amlodipine 5mg တစ်ကတ်ကို ကျပ် ၃၀၀ သာ ရှိခဲ့ရာကနေ လက်ရှိမှာ ကျပ် ၄,၅၀၀ ဖြစ်သွားခဲ့ပါပြီ။ လူတိုင်းအိမ်မှာ ဆောင်ထားတတ်ကြတဲ့ အကိုက်အခဲပျောက်ဆေး Biogesic ဆိုရင်လည်း အရင်က တစ်ကတ်ကို ကျပ် ၃၅၀၊ ကျပ် ၄၀၀ ခန့်ကနေ လက်ရှိမှာ ကျပ် ၄,၀၀၀ ကျော် ပေးဝယ်နေရသလို၊ အာရုံကြောဆေး Neurobion (အပြာ) ဆိုရင်လည်း ကျပ် ၃၀၀ ကနေ ကျပ် ၃,၂ေ၀ အထိ ဖြစ်သွားပါတယ်။
အဲဒီလိုမျိုးပဲ သွေးကျဲဆေး Metaswi 35 mg ကလည်း ကျပ် ၂,၈၀၀ ကနေ ကျပ် ၄,၈၀၀ အထိ ဈေးနှုန်းတွေ အဆမတန် မြင့်တက်သွားသလို၊ နှလုံးအားဆေး Powerful Health-CoQ10 ဆိုရင်လည်း အရင်က တစ်ဗူးကို ကျပ် ၃၀,၀၀၀ ကျော်သာ ရှိခဲ့ရာကနေ ယခုဆိုရင် ကျပ် ၁ သိန်းကျော်အထိ ဈေးတက်သွားတဲ့အပြင် ဆေးဆိုင်တွေမှာပါ ရှာဝယ်ရခက်ခဲတဲ့ အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆေးဝါးဈေးနှုန်းဟာ ၁၀ ဆကနေ ၁၅ ဆလောက်အထိ အဆမတန် မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ယခုလိုမျိုး ဆေးဝါးရှားပါးမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် လူနာတွေအနေနဲ့ အရင်က သောက်နေကျ Original ဆေးဝါးတွေကို ဝယ်ယူလို့ မရတော့ဘဲ၊ အာနိသင်နဲ့ Chemical ချင်းတူညီတဲ့ အစားထိုးဆေးဝါးတွေကိုသာ မှီဝဲနေရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ CDM ဆရာဝန်တွေနဲ့ ဆေးဝါးပုံမှန် သုံးစွဲနေရသူတွေဆီကနေ စုံစမ်းသိရှိရပါတယ်။
“ဆေးက Chemical တူတာတွေပဲရတယ်။ Original တွေက ရှားတယ်။ ဈေးကြီးတယ်။ Losacar 50 ဆို ၁၀ ကတ် ၁ ဗူးကို အရင်က ၉ ထောင်ဝန်းကျင်၊ အခုဆို ၄ သောင်းကျော်တယ်။ Original မရတော့ Chemical တူတာတောင် ၁၈,၀၀၀ ဝန်းကျင်ရှိတယ်။ နှစ်ယောက် ဆေးစရိတ်ရယ် နယ်က အဖေနဲ့ အမေရဲ့ ဆေးစရိတ်တင် တော်တော်မလွယ်ဘူး” လို့ ရန်ကုန်မြို့ခံတစ်ဦးက ရင်ဖွင့်ပြောပြပါတယ်။
ဆေးဝါးတွေဟာ Brand ကွာခြားသွားရင် လူနာတွေအပေါ် သက်ရောက်မှု ကွာခြားသွားနိုင်ပြီး၊ အချို့သော အစားထိုးဆေးဝါးတွေဟာ အရင်သောက်နေကျ မူရင်းဆေးတွေလောက် အရည်အသွေး မကောင်းတာမျိုးတွေ ရှိတတ်တယ်လို့ ပရဟိတဆေးခန်းတစ်ခုမှာ ဆေးကုသပေးနေတဲ့ ဆရာဝန်တစ်ဦးက လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ရှင်းပြပါတယ်။ ဒါပေမဲ့လည်း လက်ရှိမှာတော့ လူနာတွေအနေနဲ့ ဆေးအာနိသင် စိတ်ချရမှု ရှိ၊ မရှိထက် ဈေးကွက်ထဲမှာ ရရှိနိုင်တဲ့ဆေးကိုပဲ ရသလောက် ဝယ်ယူသောက်သုံးနေရတဲ့ သဘောမျိုး ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
“ဝယ်နေကျဆေးတွေပဲ သောက်ချင်တယ်။ Chemical တူတယ်၊ ဈေးသက်သာတယ်ဆိုပေမဲ့ သောက်ရတာ စိတ်မသန့်ဘူး။ တချို့ကတော့ ပြောနေကြတာပဲ ဆေးအတုတွေလို့။ အစစ်ရပြန်တော့လည်း ဈေးတွေက အရမ်းကြီးတယ်။ မလွယ်တဲ့ ဘဝတွေပါ” လို့ အဆိုပါ ရန်ကုန်မြို့ခံတစ်ဦးက ရင်ဖွင့်ပါတယ်။
ယခုလိုမျိုး ဆေးဝါးရှားပါးပြီး ဈေးနှုန်းကြီးမားတဲ့ဒဏ်ကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့လို မြို့ကြီးတွေအပြင်၊ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ ပိုမိုပြင်းထန်စွာ ခံစားနေကြရတာပါ။ စစ်အုပ်စု က ပဋိပက္ခဒေသတွေကို ဆေးဝါးသယ်ယူခွင့် ပိတ်ပင်ထားလို့ လမ်းခရီးတွေမှာ နားလည်မှုနဲ့ ညှိနှိုင်းသယ်ယူရတာ၊ နယ်မြေခံဆရာဝန်ရဲ့ ထောက်ခံချက်ပါရှိမှသာ ပေးဖြတ်တာမျိုးတွေလုပ်ပြီး တင်းကျပ်ထားတာတွေ လုပ်ဆောင်ထားတာကြောင့် ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေ အားကောင်းရာ စစ်ကိုင်းတိုင်း အတွင်းက မြို့နယ်အချို့မှာဆိုရင် အိန္ဒိယနိုင်ငံဘက်က ဝင်ရောက်လာတဲ့ ဆေးဝါးတွေကို အဓိက အားထားနေကြရပါတယ်။ ဒါပေမဲ့လည်း လက်ရှိမှာ မိုးတွင်းကာလဖြစ်တဲ့အတွက် ဆေးဝါးသယ်ယူရတဲ့ လမ်းခရီးအခက်အခဲကလည်း သူတို့အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။ ဒါကြောင့် သယ်ယူခတန်ဆာခတွေက အဆမတန်မြင့်တက်နေပြီး တခြားမြို့တွေမှာ ဝယ်ယူရတဲ့ ဈေးနှုန်းထက် ၃ ဆလောက် ပိုမိုပေးဝယ်နေရတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတွေဆီက သိရပါတယ်။
လက်ရှိမှာ ဆေးဝါးအကူအညီတွေကို စစ်ဘေးရှောင်ကူညီပေးရေး အဖွဲ့အစည်းတွေနဲ့ NGO အဖွဲ့အစည်းအချို့က ကူညီပေးနေတာမျိုး ရှိပေမဲ့လည်း လုံလောက်မှုတော့ မရှိနေပါဘူး။ HIV၊ AIDS ဝေဒနာသည်တွေ ရေရှည်စွဲသောက်ဖို့ လိုအပ်တဲ့ ART ဆေးဝါးတွေ၊ တီဘီရောဂါဆေးတွေနဲ့ ဆီးချိုသွေးချိုဆေးတွေဆိုရင် ထောက်ပံ့ပေးနိုင်ခြင်း မရှိတာကြောင့် လူနာတွေဟာ ဆေးသောက်သုံးတာကို ရပ်တန့်ထားရတဲ့အထိတောင် ဖြစ်နေကြရပါတယ်။
“အချို့ကလည်း ခက်ခဲလွန်းတဲ့အခါကျတော့ ဒီရသလောက်လေးပဲ မှီဝဲတယ်။ မရနိုင်တော့လည်း ထားလိုက်ကြတယ်ဆိုတာမျိုးလေးတွေ ဖြစ်သွားတယ်ဗျ။ အချို့ဆိုရင် လုံးဝဝယ်မရလို့ ဒီတိုင်းမသောက်ဘဲ နေရတဲ့သူတွေလည်း ရှိတယ်။ တော်တော်လေးလည်း အဲလိုမျိုးတော့ ခက်ခဲတာတွေ ရှိတယ်ဗျ။ အစိုးရက အခမဲ့ထောက်ပံ့တဲ့ဆေး၊ အပြင်မှာဝယ်လို့မရတဲ့ဆေးဆိုရင် ဘယ်ဆေးမှ မရဘူးဗျ” လို့ ဖောင်းပြင်မြို့နယ်မှ စစ်ဘေးရှောင် ကူညီပေးနေသူတစ်ဦးက ရှင်းပြပါတယ်။
ဒါကြောင့်မလို့ စားဖို့သောက်ဖို့တောင် နပ်မမှန်ကြတဲ့ စစ်ဘေးရှောင်တွေဟာ သူတို့ရဲ့ ကျန်းမာရေး အခြေအနေကိုတောင် လျစ်လျူရှုထားရတဲ့ အခြေအနေမျိုး ဖြစ်လို့နေပါတယ်။
“စားဝတ်နေရေး ခက်ခဲတော့ ကျန်းမာရေး ဘယ်လိုဖြစ်လဲဆိုတာ သတိမထားမိလိုက်ကြတော့ဘူး ဆိုတာမျိုးပေါ့ဗျာ။ အဓိက စားဝတ်နေရေးကိုပဲ အဓိကဦးစားပေးနေရပြီး ကျန်းမာရေးကတော့ သူတို့အတွက် ဘာမှမဟုတ်တော့သလိုမျိုး ဖြစ်သွားတာပေါ့။ အဓိက စစ်အာဏာသိမ်းလိုက်တော့ ကိုဗစ်ကြီး ပျောက်ကွယ်သွားသလိုပေါ့ဗျာ” လို့ အဆိုပါ စစ်ဘေးရှောင်ကူညီပေးနေသူက လက်ရှိအခြေအနေကို သက်ပြင်းချရင်း ဆက်လက်ပြောပြပါတယ်။
တကယ်တော့ မြန်မာနိုင်ငံရဲ့ ဆေးဝါးလိုအပ်ချက် ၆၀ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံတစ်ခုတည်းကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ (UN COMTRADE) ရဲ့ စာရင်းဇယားတွေအရတော့ မြန်မာနိုင်ငံဟာ အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကနေ ဆေးဝါးတွေ အဓိက တင်သွင်းနေရပြီး ၂၀၂၄ ခုနှစ်အတွင်းမှာတင် အမေရိကန်ဒေါ်လာ ၃၄၀ ဒသမ ၉ သန်းဖိုးလောက်အထိ တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း စစ်အုပ်စု ရဲ့ ကန့်သတ်ချက်မျိုးစုံအောက်မှာ ဆေးဝါးစျေးကွက်ဟာ လက်ရှိအချိန်အထိ ဝါးမြိုခံထားရဆဲ ဖြစ်ပါတယ်။ ပစ္စည်းတင်သွင်းရာမှာ သွင်းကုန်တွေကို သတ်မှတ်ထားတဲ့ ဒေါ်လာဈေးနဲ့ တင်သွင်းမှ ကိုက်ညီမှာ ဖြစ်ပေမဲ့လည်း အာဏာသိမ်းစစ်တပ်က တကယ်တမ်း လိုအပ်သလောက် ဒေါ်လာ ထုတ်ယူခွင့် မပေးနိုင်ပါဘူး။
ဥပမာအနေနဲ့ ဆိုရင် ပြည်တွင်းမှာ BPI လို ဆေးဝါးစက်ရုံကြီးတွေ ရှိနေပေမဲ့လည်း ဆေးဝါးထုတ်လုပ်ဖို့ ကုန်ကြမ်းတွေကို ပြည်ပကနေ ဒေါ်လာနဲ့ပဲ အဓိက ပြန်လည်ဝယ်ယူနေရတာကြောင့် ပြည်တွင်းဖြစ် ဆေးဝါးတွေလည်း ဈေးနှုန်းမကျဆင်းနိုင်ဘဲ လိုက်လံတက်နေရတာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ စစ်အုပ်စု လက်အောက်ခံ ဗဟိုဘဏ်က ဒေါ်လာဈေးနှုန်းကို ကန့်သတ်သတ်မှတ်တာ၊ ကျပ်ငွေနဲ့ မဖြစ်မနေ လဲလှယ်ဖို့ ညွှန်ကြားတာ၊ ပြည်ပကနေ တင်သွင်းတဲ့ ဆေးနဲ့ ဆေးပစ္စည်းတင်သွင်းခွင့်ပါမစ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတင်မကဘဲ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီတွေကို အဆင့်ဆင့် တင်ပြရတာကြောင့် တင်သွင်းခွင့် ရရှိဖို့ကလည်း ကြန့်ကြာနေတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။
ကုန်သွယ်ရေးလမ်းကြောင်းတွေကို ကြည့်ပြန်ရင်လည်း စစ်အုပ်စု က တင်းကျပ်စွာ ပိတ်ဆို့ထားတဲ့ အခြေအနေမျိုး ဖြစ်နေတာပါ။ မြဝတီ – ရန်ကုန် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ စစ်အုပ်စု ရဲ့ စစ်ဆေးရေးဂိတ်တွေမှာဆိုရင် ထိုင်းနိုင်ငံထုတ် စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ သယ်ယူမှုကို တင်းကျပ်စွာ ပိတ်ပင်တားဆီးပြီး ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဆိုပါ ကန့်သတ်ချက်ဟာ ၂၀၂၄ ခုနှစ်လောက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာတော့ သယ်ယူခွင့်ကို လုံးဝပိတ်ပင်လိုက်တာကြောင့် နယ်စပ်ကုန်စည်စီးဆင်းမှုဟာ လုံးဝရပ်ဆိုင်းလုနီးပါး ဖြစ်နေတယ်လို့ သိရပါတယ်။
ယခုလိုမျိုး စစ်အုပ်စု က သွင်းကုန်လိုင်စင်တွေကို တင်းကျပ်ထားတာ၊ ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ဆို့ထားတာနဲ့ ဒေါ်လာအကျပ်အတည်းတွေကြောင့် ပြည်တွင်းမှာ အခြေခံဆေးဝါးတွေ ရှားပါးလာတာနဲ့ ဈေးနှုန်းကြီးမြင့်တဲ့ ဒုက္ခတွေကို ပြည်သူတွေက ခါးစည်းခံနေရဆဲ ဖြစ်ပါတယ်။
အဆမတန် မြင့်တက်လာတဲ့ ဆေးဖိုးဝါးခဒဏ်ကို မခံနိုင်တော့တဲ့အဆုံး ကိုဒီးဒီးလို နာတာရှည် ရောဂါဝေဒနာ ခံစားနေရသူတွေအပါအဝင် ဝေဒနာသည် အများစုဟာ ပရဟိတဆေးခန်းတွေကို အားထားလာရပါတော့တယ်။ ဒါပေမဲ့လည်း ပရဟိတဆေးခန်းတွေကလည်း ယခုအခြေအနေတွေကို ခက်ခဲမှုတွေကြားကနေ အံတုနေရပြန်ပါတယ်။
“ကျွန်တော်ကိုယ်တိုင် ပရဟိတလုပ်ခဲ့တာကတော့ ၂၀၁၁ ခုနှစ်ကတည်းကဆိုတော့ ၁၅ နှစ်ထဲ ဝင်လာပြီ။ လက်ရှိပိုင်းမှာတော့ အလှူရှင်တွေကလည်း ဒီစီးပွားရေးကျပ်တည်းတဲ့ အကြောင်းကြောင့်မို့လို့ အလှူရှင်တွေလည်း နည်းပါးလာသလို ရပ်တည်ရတာ တော်တော်လေး ခက်ခဲတယ်ခင်ဗျ။ အဲဒီဆေးခန်းတွေမှာဆိုရင်တော့ ပိုပြီးတော့လေ လူနာတွေကလည်း များပြားလာတယ်။ တစ်နေ့တစ်နေ့ အရင်တုန်းကဆိုရင် တစ်ရက်ကို လူနာ ၂၀၊ ၃၀ ကနေ ဒီနေ့ ကာလဆိုရင် တစ်နေ့တစ်နေ့ လူနာ ရာချီပဲ။ မနက်ခင်း၊ ညနေခင်း ပေါင်းရင်လေ။ အဲဒီအခြေအနေ ရပ်တည်ရတာ တော်တော်လေး ခက်ခဲပါတယ်” လို့ CDM ဆရာဝန်တစ်ဦးက လက်ရှိအခြေအနေတွေကို ရှင်းပြပါတယ်။
ဒါကြောင့်မလို့ လူနာတွေအနေနဲ့လည်း ကိုယ့်ရောဂါကို ကိုယ်တိုင် သေသေချာချာ နားလည်ဖို့ လိုအပ်ပြီး ဆေးပမာဏကို ကိုယ့်သဘောနဲ့ကိုယ် လျှော့သောက်တာမျိုး၊ ဆေးကို လုံးဝရပ်ဆိုင်းလိုက်တာမျိုးနဲ့ ဆေးမြီတိုတွေကို မှီဝဲတာမျိုးတွေ မလုပ်ဘဲ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်တာမျိုးတွေ လုပ်ဆောင်ဖို့ကိုလည်း သူက အကြံပြုထားပါတယ်။
ယခုလိုမျိုး အကျပ်အတည်းတွေကြားမှာ ကိုဒီးဒီးတို့လို နာတာရှည်ရောဂါသည်တွေအတွက်တော့ ရာနှုန်းပြည့် စိတ်မအေးရသေးပါဘူး။ တစ်ခါတလေ ပရဟိတဆေးခန်းမှာ ဆေးအမျိုးအစား မစုံလင်တဲ့ အခါမျိုးဆိုရင် လိုအပ်တဲ့ဆေးကို အပြင်မှာ ငွေကြေးအကုန်အကျခံပြီး လိုက်လံရှာဖွေ ဝယ်ယူနေရဆဲ ဖြစ်ပါတယ်။
တကယ်တော့ ကိုဒီးဒီးမှာ ဆေးဝါးပြတ်လပ်မှုကြောင့် ခါးသီးတဲ့ သင်ခန်းစာတစ်ခု ရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ငလျင်ကြီးလှုပ်ခတ်ပြီးစ အချိန်တုန်းက ဈေးကွက်ထဲ ဆေးဝါးတွေ လုံးဝဝယ်ယူလို့ မရခဲ့တာကြောင့် သူဟာ (၃) လနီးပါးလောက် ဆေးသောက်သုံးမှု ပျက်ကွက်ခဲ့ရပါတယ်။
“အဲဒီတုန်းက ဆေးတွေ လုံးဝရှာမရလို့ ရပ်ပစ်လိုက်ရတာ။ နောက်ဆက်တွဲကတော့ ခဏခဏ ရင်ဘတ်တွေအောင့်၊ နေလို့မကောင်းတော့ဘူး။ ရင်ဘတ်အောင့်တာနဲ့ ခေါင်းတစ်ခြမ်းကိုက်တာမျိုး ဖြစ်လာရင် သုံးလေးရက်လောက် ဘာမှမလုပ်နိုင်ဘဲ လဲနေတော့တာပဲ” လို့ ဆေးပြတ်လပ်ခဲ့စဉ်က ခံစားခဲ့ရတဲ့ နေ့ရက်တွေကို သူက ပြန်ပြောင်းပြောပြပါတယ်။
ကိုဒီးဒီးဟာ နောက်ပိုင်း ဆရာဝန်နဲ့ ပြန်လည်ပြသပြီး ဆေးဝါးပုံမှန် ပြန်သောက်ရမှသာ ပြန်လည်သက်သာလာခဲ့တာ ဖြစ်ပါတယ်။ ယခုအချိန်မှာလည်း ပရဟိတဆေးခန်းရဲ့ အကူအညီကြောင့် ကျန်းမာရေး ပြန်လည်အဆင်ပြေနေပြီ ဆိုပေမဲ့လည်း မတည်ငြိမ်တဲ့ ဆေးဝါးဈေးကွက်နဲ့ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုတွေကြားမှာ အသက်ရှင်သန်ဖို့အတွက် ကိုဒီးဒီးတစ်ယောက် နေ့ရက်တိုင်းကို စိုးရိမ်စိတ်နဲ့ ဖြတ်သန်းနေရဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် တရားမဝင် တင်သွင်းလာတဲ့ ဆေးဝါးအတုတွေရဲ့ အန္တရာယ်ကလည်း ကိုဒီးဒီးတို့လို ပြည်သူတွေ ရှောင်ရှားဖို့ လိုအပ်နေပါသေးတယ်။
ဓာတ်ပုံ – အခမဲ့ဆေးခန်းမြိတ်
