အင်အားပြင်း ငလျင်အတွင်း သေဆုံးမှုမြင့်တက်ခဲ့သည့် Sky Villa တည်ဆောက်သူကို ထောင်ဒဏ် ၅ နှစ် အမိန့်ချ
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင် (မန္တလေးငလျင်) အတွင်း လူအသေအပျောက် အများဆုံး ဖြစ်ပွားခဲ့ရတဲ့ “Sky Villa” ကွန်ဒို ပြိုကျမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး NTL Construction Company ပိုင်ရှင် ဦးနိုင်ထွန်းလင်း ကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-(က) နဲ့ ထောင်ဒဏ် ၅ နှစ် ကျခံစေရန် တရားရုံးက အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
လူအသေအပျောက် ၂၀၀ ကျော်အထိ ရှိခဲ့တဲ့ အဆိုပါ Sky Villa ကွန်ဒိုကို တည်ဆောက်ခဲ့သူ NTL Construction Company ပိုင်ရှင် ဦးနိုင်ထွန်းလင်း ကို စုံစမ်းစစ်ဆေးရေးအဖွဲ့က တရားလိုပြုလုပ်ကာ အမှုဖွင့်တိုင်တန်းခဲ့တာ ဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အဆိုပါ ကုမ္ပဏီပိုင်ရှင်ကို ဖမ်းဆီးစစ်ဆေးနေတာ မကြာသေးဘူး။ အမိန့်ချမှတ်တာ အတော်လေး မြန်ဆန်ပါတယ်။ ပုဒ်မ ၃၀၄-(က) ဟာ ပေါ့ဆမှုကြောင့် လူသေဆုံးစေမှု ဖြစ်ပြီး၊ အမြင့်ဆုံး ပြစ်ဒဏ် ၇ နှစ်အထိ ချမှတ်လို့ရတဲ့အနက် အခု တရားရုံးက ထောင်ဒဏ် ၅ နှစ် အမိန့်ချလိုက်တာ ဖြစ်ပါတယ်” လို့ သူက ပြောပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က အောင်မြေသာစံမြို့နယ်အတွင်းရှိ Sky Villa ကွန်ဒိုတည်ရှိရာ မန္တလေးမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်ကြောင့် အဆိုပါ ကွန်ဒို အဆောက်အအုံ ပြိုကျပျက်စီးခဲ့ရတာပါ။ ယင်းနောက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက အဆောက်အအုံအောက်ကနေ အသက်ရှင်လျက် ပြည်သူ ၅၂ ဦးကို ကယ်တင်နိုင်ခဲ့ပြီး၊ သေဆုံးသူ ၂၀၇ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေဖော်ထုတ် တွေ့ရှိခဲ့ရပါတယ်။
အဆိုပါ Sky Villa ကွန်ဒိုဟာ အထပ် ၁၁ ထပ်ရှိပြီး၊ လူဦးရေ ၄၀၀ ကျော်အထိ နေထိုင်ကြတာကြောင့် မန္တလေးငလျင်အတွင်းမှာ လူသေဆုံးမှုနဲ့ အသေအပျောက် အများဆုံး နေရာတစ်ခု ဖြစ်လာခဲ့ရပါတယ်။
ငလျင်ဘေးအန္တရာယ် ဖြစ်ပွားပြီးနောက်ပိုင်း NTL Construction Company ဘက်က သေဆုံးသူတစ်ဦးစီရဲ့ မိသားစုတွေထံ အားပေးထောက်ပံ့ငွေ ကျပ်သိန်းတစ်ရာစီ လိုက်လံထောက်ပံ့ပေးခဲ့ပေမဲ့လည်း၊ ကွန်ဒိုအခန်းတစ်ခန်းရဲ့ လက်ရှိပေါက်ဈေး ကာလတန်ဖိုးဟာ ကျပ်သိန်း ၆,၅၀၀ နဲ့ အထက်မှာ ရှိနေတာကြောင့် နစ်နာကြေးထက် ကွန်ဒိုတန်ဖိုးနဲ့ ညီမျှတဲ့ ထိုက်တန်တဲ့ လျော်ကြေးငွေ ပြန်လည်ပေးအပ်ဖို့ နစ်နာသူ မိသားစုဝင်တွေက တောင်းဆိုထားကြပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အဆိုပါ မန္တလေးငလျင်ကြောင့် နေပြည်တော်နှင့် မန္တလေး အပါအဝင် ပြည်နှင့် တိုင်း စုစုပေါင်း ၁၀ ခုမှာ သေဆုံးသူ ၃,၈၁၈ ဦးနဲ့ ဒဏ်ရာရရှိသူ ၅,၀၁၄ ဦးအထိ ရှိခဲ့ပြီး၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ငလျင်ဘေးသင့်ပြည်သူ လေးသိန်းကျော်အထိ ရှိခဲ့တယ်လို့ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်မှတ်တမ်းတွေအရ သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
