သေဒဏ်ချမှတ်ခံရပြီးနောက် ၂ လကျော်အကြာတွင် ဆောက သက်ငယ်မုဒိမ်းတရားခံ အချုပ်မှ ထွက်ပြေးလွတ်မြောက်နေ

Author CJ Platform
Categories
Published on Jun 16, 2026

မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းမှာ သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုနဲ့ အလောင်းဖျောက်ဖျက်မှုတွေကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ထားတဲ့ တရားခံ မင်းမင်းစိုးဟာ ဖမ်းဆီးထိန်းသိမ်းခံနေရစဉ်အတွင်း အချုပ်ကနေ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသတွင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ ယောအလင်းတန်း မီဒီယာထံမှ သိရပါတယ်။

 

လက်ရှိမှာ သေဒဏ်ချမှတ်ခံထားရတဲ့ အသက် ၂၁ နှစ်အရွယ် တရားခံ မင်းမင်းစိုး ထွက်ပြေးလွတ်မြောက်နေတာ တစ်ပတ်ကျော်ခန့် ရှိပြီဖြစ်ပြီး၊ တာဝန်ရှိသူတွေက တရားခံကို ပြန်လည်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေတာကြောင့် ပြည်သူတွေအနေနဲ့ တွေ့ရှိပါက သက်ဆိုင်ရာကို အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးဖို့ အသိပေးထားပါတယ်။

 

ယောအလင်းတန်းက တာဝန်ရှိသူတစ်ဦးကလည်း “ကျွန်တော်တို့ လက်ရှိ တရားခံ မင်းမင်းစိုးနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ သတင်းထုတ်ပြန်ဖို့ ရှိပါတယ်။ သက်ဆိုင်ရာအဖွဲ့နဲ့ ပြောဆိုထားတာ ရှိပါတယ်” လို့ CJ Platform ကို ပြောပါတယ်။

 

အဲဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်နေ့က ဆောမြို့နယ်၊ ရတနာသီရိရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို တရားခံ မင်းမင်းစိုးက ခေါ်ဆောင်သွားရာကနေ ပျောက်ဆုံးခဲ့ခြင်း ဖြစ်ပါတယ်။

 

အဲဒီနောက် အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းမှာ ဆောမြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ရာအခန်းတစ်ခုအတွင်းကနေ မိန်းကလေးငယ်ရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျူးလွန်သူတရားခံကို ပြည်သူတွေရှေ့မှာတင် သေဒဏ်ပေးဖို့ ဒေသခံတွေက အောက်တိုဘာ ၂၇ ရက်နေ့မှာ ဆန္ဒပြတောင်းဆိုတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

 

အဲဒီနောက် ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က တရားခံ မင်းမင်းစိုးကို ဖမ်းဆီးပြီး NUG မြို့နယ်တရားရုံးမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၀၂ နဲ့ ၂၀၁ တို့နဲ့ တရားစွဲဆိုကာ ၅ လကျော်ကြာ ကြားနာစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

စစ်ဆေးမှုတွေအတွင်း အဓမ္မပြုကျင့်မှုနဲ့ လူသတ်အလောင်းဖျောက်ဖျက်မှုကို တရားခံကိုယ်တိုင် ဝန်ခံခဲ့တာကြောင့် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂ ရက်နေ့မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ဂ) အရ သေဒဏ်ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

 

လက်ရှိမှာ အဆိုပါ တရားခံဟာ သေဒဏ်ချမှတ်ပြီးနောက် ၂ လကျော်အကြာမှာ အချုပ်ကနေ ထွက်ပြေးလွတ်မြောက်သွားတာကြောင့် ဒေသခံပြည်သူတွေကြားမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။

 

ဓာတ်ပုံ – ယောအလင်းတန်း