ဆောမြို့နယ် စစ်ရှောင် ခုနှစ်ထောင်ကျော် အရေးအပေါ်အကူညီလိုအပ် စစ်အုပ်စုက ရေသန့်ဗူးတောင် သယ်ယူခွင့်မရအောင် ပိတ်ဆို့ထား
မကွေးတိုင်း၊ ဆောမြို့နယ်ကို စစ်အုပ်စုတပ်က တပ်ဖွဲ့ဝင်အင်အား အများအပြားနဲ့ စစ်ကြောင်းထိုးလာတာတွေကြောင့် ဆောမြို့နယ်အတွင်း လူဦးရေ ၇,၀၀၀ ခန့်ဟာ စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ မိုးကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယခုကာလဟာ မိုးရွာသွန်းမှုများတဲ့ မိုးတွင်းကာလဖြစ်တာကြောင့် စစ်ဘေးရှောင်တွေ ယာယီနေထိုင်ရေးအတွက် မိုးကာ အရေးပေါ်လိုအပ်တာဖြစ်ပြီး စစ်အုပ်စုစစ်ကြောင်းတွေက ဆောမြို့အနီးပတ်ဝန်းကျင် လမ်းပိုင်းတွေကိုလည်း ပိတ်ဆို့ထားတာကြောင့် ကုန်စည်စီးဆင်းမှုတွေလည်း ရပ်တန့်နေတယ်လို့ ဆောမြို့နယ်တွင်းက ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အဓိကက အမိုးအကာပေါ့နော်။ ဝယ်မယ်ဆိုလည်း မလွယ်ကူတဲ့အခြေအနေ ဖြစ်နေတာပါ။ အခုက ငွေရှိရင်တောင် ဘာမှလုပ်မရတဲ့ အခြေအနေပါ” လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်မှာ စစ်အုပ်စုစစ်ကြောင်းက ဆောမြို့ကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ဆောမြို့ပေါ်က ပြည်သူတွေအပါအဝင် အနီးအနားကျေးရွာ ၁၀ ရွာက အိမ်ထောင်စု ၅၀၀ နီးပါးဟာ စစ်ရှောင်နေကြရတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မကွေးတိုင်း၊ ပခုက္ကူမြို့ကနေ ဆောမြို့ကို ထွက်လာတဲ့ ကုန်စည်အားလုံးကို စစ်အုပ်စုတပ်က ဖြတ်တောက်ထားလိုက်တဲ့အတွက် ကုန်စည်စီးဆင်းမှု မရှိတော့တာကြောင့် စစ်ရှောင်တွေအတွက် အချိန်ကြာလာတာနဲ့အမျှ စားဝတ်နေရေး ပိုခက်ခဲလာနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
“ပခုက္ကူမြို့ထဲကနေ ရေသန့်တစ်ဘူးတောင် အပါမခံတော့ဘူး။ အခုတစ်ခေါက်က ဘာမှသယ်မရလို့ ဒီအတိုင်းကို ပြန်လာရတာ” လို့ ဆောမြို့နယ်တွင်းက ကုန်သည်တစ်ဦးက ပြောပြပါတယ်။
ကုန်စည်စီးဆင်းမှုတွေ ဖြတ်တောက်လိုက်တာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာနိုင်ပြီး စားနပ်ရိက္ခာအခက်အခဲတွေ ပိုတိုးလာနိုင်တာကြောင့် စစ်ရှောင်တွေအနေနဲ့ ရေရှည်တောင့်ခံနိုင်ဖို့ ခက်ခဲတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အကူအညီတွေသာ မရှိရင် စစ်ရှောင်တွေ ရေရှည်မပြောနဲ့၊ ၂ လ တောင့်ခံဖို့တောင် မသေချာပါဘူး။ ကုန်စည်စီးဆင်းမှုလည်း မရှိတော့ စားဝတ်နေရေးက ပိုခက်ခဲလာမှာပါ” လို့ စစ်ဘေးရှောင်နေရတဲ့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။
လတ်တလောအခြေအနေတွေအရ ဆေးဝါးနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေက အဆင်ပြေကြပေမယ့် အချိန်ကာလကြာလာတာနဲ့အမျှ ဆေးဝါးပြတ်လပ်တာနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေပါ ဝယ်မရတာတွေ ဖြစ်လာနိုင်တာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
“အခုလောလောဆယ်တော့ ရှိတဲ့ဆေးဝါးနဲ့ အဆင်ပြေမှာပါ။ ကြာလာရင်တော့ အားလုံး ခက်ခဲလာနိုင်တာပေါ့” လို့ ဆောမြို့ဒေသခံ အမျိုးသမီးက ပြောပါတယ်။
စစ်အုပ်စုတပ်ဟာ ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်မှ စတင်ကာ ရခိုင်ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ ဆောမြို့နယ်ကို ဖြတ်လေးဖြတ်စစ်ဆင်ရေး ပြုလုပ်ပြီး ကုန်စည်စီးဆင်းမှုတွေ ပိတ်ဆို့ထားသလို ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို့ကို စတင်ထိုးစစ်ဆင်ရန် ပြင်ဆင်မှုများ လုပ်ဆောင်နေလျက်ရှိပါတယ်။
ဓာတ်ပုံ – ပေးပို့
