ရန်ကုန်စစ်ဘေးရှောင်များ ထောက်ပံ့ရေး အပြည့်အဝမရ၊ အုပ်ချုပ်ရေးပိုင်းက ဖြတ်သုံးနေ

Author CJ Platform
Categories
Published on Jun 15, 2026

စစ်ပွဲဖြစ်ပွားရာ ဒေသမျိုးစုံကနေ ရန်ကုန်ကို စစ်ဘေးရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေဟာ စစ်အုပ်စုက လစဉ်ပေးအပ်တဲ့ ထောက်ပံ့ကြေး ၂ သောင်းကျပ်ကို အပြည့်အဝ မရရှိကြဘူးလို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

 

စမ်းချောင်းမြို့နယ်၊ စမ်းချောင်းတောင်ရပ်ကွက်မှာ စစ်ဘေးရှောင်တွေကို လစဉ်ပေးတဲ့ ထောက်ပံ့ကြေး နှစ်သောင်းကျပ်ကို ၃ လတစ်ကြိမ် ထုတ်ပေးရာမှာ ၃ လစာ အပြည့်အဝမရဘဲ ၂ လစာသာ ရရှိတယ်လို့ စစ်ရှောင်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“စစ်ရှောင်ဆိုရင် တစ်ယောက်ကို ၂ သောင်းပေးတယ်။ မိသားစု ၄ ယောက်ရှိရင် ရှစ်သောင်းရတယ်။ ၃ လတစ်ကြိမ်ဆိုတော့ ၂ သိန်း ၄ သောင်းရရမှာကို ၁ သိန်း ၆ သောင်းပဲပေးပြီး ၈ သောင်း ဖြတ်ယူထားတယ်။ အဲလောက်ပဲရလို့ ပြန်ပြောရင်လည်း သူတို့က စစ်ရှောင်စာရင်းကနေ ထုတ်ပစ်လိုက်ရော” လို့ သူက ဆိုပါတယ်။

 

ရွှေပြည်သာမြို့နယ်၊ မိကျောင်းအိုင်ရပ်ကွက်မှာလည်း စစ်ဘေးရှောင်မိသားစုတွေကို ၃ လစာ လုံးဝထုတ်မပေးဘဲ ပြောင်းရွှေ့စာရင်းထဲမှာ ထည့်ထားကာ အုပ်ချုပ်ရေးမှူးတွေက ထုတ်ယူစားသောက်နေကြတယ်လို့ စစ်ရှောင်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ရွှေပြည်သာ မိကျောင်းအိုင်ရပ်ကွက်မှာဆို အလုပ်ကိစ္စနဲ့ ထောက်ပံ့ကြေး မယူဖြစ်တာကို အုပ်ချုပ်ရေးမှူးက မပေးတော့ဘဲ ထုတ်စားတယ်။ အိမ်ထောင်စု ၆ စု၊ ၇ စုလောက် ရှိတယ်။ တိုင်လို့လည်းမရဘူး၊ တိုင်ရင် အကြမ်းဖက်အားပေးဆိုပြီး စစ်တပ်နဲ့လာပြီး စစ်ဆေးရော” လို့ ၎င်းက ရှင်းပြပါတယ်။

 

မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်၊ ရွှေနံ့သာ၊ ပျဉ်းမပင်နဲ့ သင်္ဃန်းကျွန်းကြီးကျေးရွာအတွင်းရှိ အုပ်ချုပ်ရေးမှူးတွေကလည်း စစ်ဘေးရှောင်မဟုတ်သူတွေကိုပါ စာရင်းထဲမှာ လိမ်လည်ထည့်သွင်းထားပြီး ထောက်ပံ့ကြေးတွေ ထုတ်စားနေကြတယ်လို့ မြို့ခံစစ်ရှောင်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“သူတို့က အဲလိုလိမ်ပြီး ထုတ်စားတော့ နောက်မှရောက်လာတဲ့ စစ်ရှောင်တွေက ဒုက္ခရောက်ရော။ တကယ်စစ်ရှောင်က မရဘဲ ရန်ကုန်မြို့ခံတွေက စစ်ရှောင်ဆိုပြီး ထောက်ပံ့ကြေး ရနေကြတယ်” လို့ ၎င်းက ဆိုပါတယ်။

 

စစ်ရှောင်တစ်ဦးကို တစ်လ ၂ သောင်းနှုန်းနဲ့ ပေးတာကြောင့် အိမ်ထောင်စု ၅၀ လောက် လိမ်လည်ထည့်ထားရင် တစ်လကို သိန်း ၂၀ ကနေ သိန်း ၃၀ ကြား အုပ်ချုပ်ရေးမှူးတွေက မတရားဝင်ငွေ ရရှိနေကြတယ်လို့ ရှင်းပြပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က စစ်အုပ်စုလက်အောက်ခံ လဝကဝန်ကြီးဌာနက ကောက်ယူထားတဲ့ စာရင်းတွေအရ ရန်ကုန်မှာ စစ်ဘေးရှောင် ငါးသောင်းကျော်ရှိတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

 

ဓာတ်ပုံ – MOI / SAC

 

 

Related News

Depend on news