လုပ်ငန်းခွင်တောင်းဆိုမှုတွေမှာ အလုပ်ရှင်က ခံစားခွင့်အနည်းငယ်တိုးပေးပြီး တစ်နှစ်အတွင်း ထပ်မတောင်းဆိုအောင် ချုပ်လာ

Author CJ Platform
Categories
Published on Jul 04, 2026

လုပ်ငန်းခွင်အတွင်း စုပေါင်းတောင်းဆိုမှုတွေမှာ အလုပ်ရှင်ဘက်က အလျှော့အတင်းလုပ်ကာ တစ်နှစ်အတွင်း နောက်ထပ်မတောင်းဆိုဖို့ ကတိတောင်းခံပြီးမှသာ ပြေလည်မှုရယူတာမျိုးတွေ လုပ်ဆောင်လာကြတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောကြားလိုက်ပါတယ်။

 

အလုပ်သမားတွေက တောင်းဆိုသလောက်ကို အလုပ်ရှင်ဘက်က အပြည့်အဝမပေးဘဲ တိုးပေးတယ်ဆိုရုံလောက်သာ အခွင့်အရေးပေးပြီး၊ နောက်ပိုင်းမှာ အလားတူထပ်မံတောင်းဆိုမှုမခံရအောင် အပိုင်ချုပ်တဲ့ နည်းလမ်းကို အသုံးပြုလာတာဖြစ်တယ်လို့ ဆိုပါတယ်။

 

“အလုပ်သမားတွေကလည်း လုံးဝမရတာထက်စာရင် ထပ်တိုးပေးတာကို ယူလိုက်တာက ပိုသေချာတယ်ဆိုတဲ့ အတွေးနဲ့ လက်ခံလိုက်ကြတာ များတယ်။ ဒါက သူတို့ရဲ့ ဆုံးဖြတ်ချက် ဖြစ်နေတော့ မပြောလိုပါဘူး။ ဒါပေမဲ့ စဉ်းစားမိသလောက်ဆိုရင် အလုပ်ရှင်ဘက်က အခွင့်အရေး ပိုပြီးအသာရသွားတာ” လို့ ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အမှန်တကယ်ဆိုရင် အလုပ်သမားဘက်က တောင်းဆိုသလောက် အပြည့်အဝရရှိပြီးမှသာ သတ်မှတ်အချိန်ကာလအတွင်း နောက်ထပ်မတောင်းဆိုဖို့ဆိုတဲ့ အချက်ကို လက်ခံသင့်တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

“တိုးပေးတယ်ဆိုရုံလောက်နဲ့ ချည်ပြီးတုပ်ပြီး လုပ်တာပေါ့။ ဒါက အလုပ်သမားရုံးကလူတွေရဲ့ အကြံပရောဂ ပါဝင်နေတယ်လို့ ထင်တယ်” လို့ အထည်ချုပ်အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

 

ယခုရက်ပိုင်းအတွင်း ရွှေပြည်သာမြို့နယ်ထဲက စက်ရုံတွေမှာ လုပ်ခလစာတိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုတာတွေ ရှိနေပြီး၊ ပြေလည်သွားတဲ့ စက်ရုံတွေကို ကြည့်မယ်ဆိုရင် တောင်းဆိုသလောက်မရဘဲ အခုလိုမျိုး ကတိပေးလိုက်ရတာတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ဆန္ဒပြတောင်းဆိုလို့ ကြာမြင့်တဲ့ရက်မှာ တစ်ပတ်ကနေ ၁၀ ရက်လောက်အထိ ရှိတတ်ပြီး၊ သဘောတူညီချက် ရရှိတဲ့အချိန်မှာ ဆန္ဒပြတဲ့ရက်တွေအတွက် လစာမပေးဘူးဆိုတဲ့ (No Work, No Pay) စနစ် အချက်အလက်မျိုး ပါရှိနေတတ်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

 

ဆန္ဒပြတဲ့ရက်အတွက် လုပ်ခခံစားခွင့်ပေးဖို့ အလုပ်သမားဘက်က တောင်းဆိုပိုင်ခွင့်ရှိသလို၊ နိုင်ငံတကာ အလုပ်သမားအခွင့်အရေး စံနှုန်းတွေမှာလည်း လုပ်ခခံစားခွင့် ရှိရမယ်လို့ သတ်မှတ်ထားကြောင်း အလုပ်သမားအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – STUM