၁၂ တန်းကျောင်းသူကို အဓမ္မကျင့်တဲ့ ကျောင်းအုပ်ကြီးသားကို ထောင်ဒဏ် ၂၅ နှစ် အမိန့်ချမှတ်

Author CJ Platform
Categories
Published on Jul 01, 2026

၁၂ တန်းကျောင်းသူလေးတစ်ဦးကို အဓမ္မကျင့်ခဲ့တဲ့ ကျောင်းအုပ်ကြီးရဲ့ သားဖြစ်သူကို ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်၊ တောင်ကြီးခရိုင်တရားရုံးကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ ခုနဲ့ စုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

 

တောင်ကြီးခရိုင်တရားရုံးက ပြစ်မှုကျူးလွန်သူ ကိုဇာနည်သွေး ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ (၁)၊ ပုဒ်မ ၃၅၄၊ ပုဒ်မ ၃၈၄ တို့ဖြင့် အလုပ်နဲ့ ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်တာ ဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ (၁) အရ ထောင်ဒဏ်အနှစ် ၂၀၊ ပုဒ်မ ၃၅၄ အရ ထောင်ဒဏ် ၂ နှစ်နဲ့ ပုဒ်မ ၃၈၄ အရ ထောင်ဒဏ် ၃ နှစ်၊ စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၂၅ နှစ် ကျခံစေဖို့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်” လို့ သူက ပြောပြပါတယ်။

 

အမှုဖြစ်စဉ်မှာ ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ‘အောင်မြေသစ်’ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ၁၂ တန်းကျောင်းသူလေးတစ်ဦးကို ကျောင်းအုပ်ကြီးရဲ့ သားဖြစ်သူ ကိုဇာနည်သွေးက အဓမ္မ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

 

အဆိုပါ ဖြစဉ် ဖြစ်ပွားပြီးနောက်ပိုင်း အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ မုဒိမ်းမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပြည်သူတွေအကြား ဝေဖန်ပြစ်တင်မှုတွေ အကြီးအကျယ် မြင့်တက်ခဲ့ပါတယ်။

 

ပြစ်မှုကျူးလွန်ခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေတဲ့ ကိုဇာနည်သွေးကို ဇန်နဝါရီလ ၁၈ ရက်နေ့မှာ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး၊ (ပ) ၁၅/၂၀၂၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် ကနဦး အမှုဖွင့်လှစ် အရေးယူခဲ့တာ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်