ရန်ကုန်မြို့လယ် ကျောက်တံတားအမှိုက်ပုံမှာ စွန့်ပစ်ခံထားရတဲ့ မွေးကင်းစကလေးငယ်ရုပ်အလောင်း တွေ့ရှိ
ရန်ကုန်မြို့လယ်ခေါင်၊ ကျောက်တံတားမြို့နယ်၊ ၃၈ လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်ရှိ အမှိုက်ပုံမှာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က မွေးကင်းစကလေးငယ်တစ်ဦးရဲ့ ရုပ်အလောင်း လာရောက်စွန့်ပစ်ထားတာ တွေ့ရှိခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
မနေ့ နံနက်ပိုင်းက အမှိုက်သွားပစ်တဲ့ လမ်းသူလမ်းလာတွေဟာ အဆိုပါ အမှိုက်ပုံအတွင်းမှာ မွေးကင်းစကလေးငယ်ရဲ့ ရုပ်အလောင်းကို စတင်တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“လမ်းထဲက အမှိုက်သွားပစ်တဲ့သူတွေ တွေ့လို့ ရဲစခန်းတို့၊ လူမှုကယ်ဆယ်ရေးအသင်းတွေကို ဖုန်းဆက်အကြောင်းကြားလိုက်တာပါ။ လူမှုကူညီရေးအသင်းကပဲ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး၊ လက်ရှိမှာတော့ ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေ လုပ်နေတယ်” လို့ သူက ပြောပြပါတယ်။
အခုလိုမျိုး ရန်ကုန်မြို့တွင်း လူစည်ကားရာ နေရာတွေမှာ မွေးကင်းစကလေးငယ် ရုပ်အလောင်း စွန့်ပစ်မှုဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွားလာနေပြီး၊ ကျူးလွန်သူတွေကို ပြတ်ပြတ်သားသား ရှာဖွေအရေးယူသင့်တယ်လို့ ရပ်မိရပ်ဖတစ်ဦးက CJ Platform ကို ထောက်ပြပြောဆိုပါတယ်။
“ကိုယ် တာဝန်မယူနိုင်ရင် ကလေးမယူနဲ့၊ ယူပြီးရင်လည်း ရအောင်မွေးမြူထိန်းသိမ်းသင့်တယ်။ အခုလိုမျိုး ကျတော့ လူ့လောကထဲ ရောက်မလာသေးတဲ့ ကလေးငယ်တစ်ယောက်ကို သတ်တာထက် သူ့ရဲ့ အနာဂတ်ကိုပါ ရက်ရက်စက်စက် သတ်ပစ်လိုက်တာပဲ” လို့ ဝေဖန်ပြောဆိုထားပါတယ်။
အလားတူ ယခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်ကလည်း ရွှေပြည်သာစက်မှုဇုန်၊ အမှတ် ၂ လမ်းမဘေးမှာ မွေးကင်းစကလေးငယ်တစ်ဦးကို လူနှစ်ဦးက လာရောက်စွန့်ပစ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး၊ လက်ရှိအချိန်ထိ အဆိုပါကျူးလွန်သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ကလည်း လသာမြို့နယ်၊ ၁၈ လမ်းထိပ်ရှိ အမှိုက်ပုံမှာ သွေးမခြောက်သေးတဲ့ မွေးကင်းစ မိန်းကလေးငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို ထပ်မံတွေ့ရှိခဲ့ရပါသေးတယ်။
မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတရားအာဏာသိမ်းပြီးနောက်ပိုင်း လမ်းမပေါ်တွေနဲ့ အမှိုက်ပုံတွေမှာ မွေးကင်းစကလေးအလောင်း လာရောက်စွန့်ပစ်သူ အရေအတွက် ပိုမိုများပြားလာနေပြီး၊ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တစ်စုံတစ်ရာ ထိရောက်စွာ ရှာဖွေဖော်ထုတ် အရေးယူနိုင်ခြင်း မရှိသေးကြောင်း ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
