ချင်းမှာ စစ်အုပ်စုရဲ့ အင်အား ထောင်ချီပါတဲ့ စစ်ကြောင်းကို ချင်းနဲ့ယောပူးပေါင်းတပ်တွေ ချေမှုန်းလိုက်လို့ ဖွဲ့စည်းပုံပျက်ပြီး ပြန်ဆုတ်ခွာရ
ချင်းပြည်၊ မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တွေအတွင်း အင်အားထောင်ချီဖြင့် ကျူးကျော်ဝင်ရောက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းကို ချင်းပြည်သူ့တပ်မတော် (CPA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ၁ လကျော်ကြာ ခုခံတိုက်ခိုက်ခဲ့ရာ၊ စစ်အုပ်စုတပ်ဘက်က ရာနဲ့ချီ သေဆုံးထိခိုက်ပြီး စစ်ကြောင်းပါ ဖွဲ့စည်းပုံပျက်ကာ ဆုတ်ခွာသွားရကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) က ဒီကနေ့ ဇူလိုင်လ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ကစလို့ ပျူစောထီး (ပြည်သူ့စစ်) တွေအပါအဝင် အင်အားထောင်ချီနဲ့ မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်ဘက်မှတစ်ဆင့် ချင်းပြည်တောင်ပိုင်းသို့ နယ်မြေကျူးကျော်ရန် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
စစ်ကြောင်းထိုးလာမှုကြောင့် ချင်းပြည်သူ့တပ်မတော် (CPA) နဲ့အတူ ယောဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်ကြတဲ့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YDF)၊ ယောအာမီ (YA) စတဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ လက်တွဲကာ တန်ပြန်ထိုးစစ်ဆင် ချေမှုန်းခဲ့ခြင်း ဖြစ်ပါတယ်။
တစ်လကျော်ကြာ ပြင်းထန်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်က ရာနဲ့ချီ သေဆုံးခဲ့ကာ တပ်လန့်ထွက်ပြေးသွားရတဲ့အပြင်၊ စစ်အုပ်စုတပ်သားတွေရဲ့ ရုပ်အလောင်းတွေ၊ သုံ့ပန်းတွေနဲ့အတူ လက်နက်ခဲယမ်းအမြောက်အမြား၊ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလိုမျိုး အထိနာသွားတဲ့ စစ်အုပ်စုဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို ခွဲခြားခြင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်း (Drone) တွေကို အသုံးပြုကာ နေ့စဉ် ရမ်းသန်းပစ်ခတ်မှုတွေ ကျူးလွန်နေတာပါ။ ဒါကြောင့် မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ် ဒေသတွေက အပြစ်မဲ့ အရပ်သားပြည်သူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ ထိခိုက်ဒဏ်ရာရရှိခြင်းနဲ့ သေဆုံးခြင်းများ ရှိခဲ့တဲ့အပြင်၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ပြည်သူ့နေအိမ်တွေအပါအဝင် အများပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေလည်း နေ့စဉ် ထိခိုက်ပျက်စီး ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။
ချင်းပြည်သူ့အစည်းအရုံး၊ ချင်းပြည်သူ့တပ်မတော် (CPU/CPA) အနေဖြင့် နယ်မြေကျူးကျော်လာတဲ့ စစ်အုပ်စုတပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေ၊ ပြည်သူလူထုတွေနဲ့အတူ လက်တွဲကာ အရှိန်အဟုန်မြှင့်ပြီး နည်းလမ်းပေါင်းစုံဖြင့် အဆုံးထိ ခုခံတွန်းလှန်သွားမည်ဟု သန္နိဋ္ဌာန်ချထားကြောင်းနဲ့ တိုက်ပွဲအတွင်း အသက်ပေးလှူသွားခဲ့ကြတဲ့ အာဇာနည်ရဲဘော်တွေကို ဦးညွှတ်ဂုဏ်ပြုမှတ်တမ်းတင်ထားကြောင်း ထုတ်ပြန်ထားပါတယ်။
