ယင်းမာပင်ခရိုင်တပ်ရင်းအတွင်း မုဒိမ်းမှုဖြစ်စဉ်မှာ တရားမျှတမှုကင်းမဲ့နေပြီး လူမျိုးနဲ့ ဘာသာရေးခွဲခြားမှုကိုပါ  NUG က မျက်ကွယ်ပြုထားဟုဆို

Author CJ Platform
Categories
Published on Jul 02, 2026

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း (၂၀) အတွင်း အမျိုးသမီးရဲဘော်တစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားခံရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့မှုဟာ အချိန် ၆ လကျော်ကြာမြင့်လာပြီ ဖြစ်ပေမဲ့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ထိရောက်တိကျစွာ အရေးယူဆောင်ရွက်ပေးခြင်းမရှိဘဲ တရားမျှတမှု ကင်းမဲ့နေသည့်အပြင်၊ လူမျိုးနှင့် ဘာသာရေးအခြေခံ ခွဲခြားဆက်ဆံမှုများကိုပါ မျက်ကွယ်ပြုထားတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း စုစုပေါင်း ၁၅၂ ဖွဲ့က ဒီကနေ့ ဇူလိုင်လ ၂ ရက်နေ့မှာ ပူးတွဲသဘောထား ထုတ်ပြန်လိုက်ပါတယ်။

 

အဆိုပါ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ယင်းမာပင်ခရိုင် တပ်ရင်း (၂၀) အတွင်း တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးရဲဘော်တစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ထိုဖြစ်စဉ်အပေါ် အရေးယူပေးရန် အဖွဲ့အစည်း ၁၅၈ ဖွဲ့က ကနဦး ပူးတွဲထုတ်ပြန်တောင်းဆိုခဲ့ကြပြီးနောက်၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့မှာ တပ်ရင်းမှူးအပါအဝင် သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးနေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

 

အဲဒီလိုမျိုး ထုတ်ပြန်ခဲ့ပေမဲ့လည်း စုံစမ်းစစ်ဆေးရေးခုံရုံးရဲ့ ဆင့်ခေါ်စာကို ဘေးကင်းလုံခြုံစိတ်ချရတဲ့ လမ်းကြောင်းကနေ ပေးပို့ခြင်းမရှိဘဲ၊ နစ်နာသူရဲ့ ဖခင်နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတဲ့ အင်းတော်စစ်ဒေသ တာဝန်ရှိသူတစ်ဦးထံမှတစ်ဆင့် ပေးပို့ခဲ့တာလို့ သိရပါတယ်။

 

နစ်နာသူ အမျိုးသမီးရဲဘော်ဟာ ပထမအကြိမ် စုံစမ်းစစ်ဆေးမှုအမည်ခံကာ တပ်ရင်းမှူးအပါအဝင် တပ်သားတွေရဲ့ ဝိုင်းဝန်းရိုက်နှက်ခြင်းကို ခံခဲ့ရတဲ့ ဆိုးရွားတဲ့အတွေ့အကြုံကြောင့် စိတ်မလုံခြုံမှု၊ ကိုယ်/စိတ်ကျန်းမာရေးနဲ့ လုံခြုံရေးအခြေအနေတွေအရ ခုံရုံးသို့ လူကိုယ်တိုင် မလာရောက်နိုင်ဘဲ အွန်လိုင်း (Zoom) မှတစ်ဆင့် အစစ်ဆေးခံမည်ဟု ပြန်လည်အကြောင်းကြားခဲ့သော်လည်း ဆင့်ခေါ်စာပေးပို့သူက လက်မခံခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် စာပေးပို့ပြီးချိန်ကစလို့ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့အထိ စုံစမ်းစစ်ဆေးရေးခုံရုံးဘက်က နစ်နာသူဆီ ဆက်သွယ်ခြင်း လုံးဝမရှိခဲ့ဘဲ၊ တော်လှန်ရေးရဲဘော်တွေက အဆင့်ဆင့် ဆက်သွယ်ပေးမှသာ တိုက်ရိုက်ချိတ်ဆက်နိုင်မည့် လမ်းကြောင်း ပြန်လည်ရရှိခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

 

အရပ်ဘက်အဖွဲ့အစည်း ၁၅၂ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ NUG အစိုးရရဲ့ ထုတ်ပြန်ချက်တွေအတွင်း အများပြည်သူနဲ့ အဖွဲ့အစည်းတွေ တောင်းဆိုထားတဲ့ “လူမျိုးနှင့် ဘာသာအခြေခံ ခွဲခြားမှု” ကိစ္စရပ်တွေကို လုံးဝထည့်သွင်းပြောကြားခြင်း မရှိသည့်အပေါ် အံ့ဩဝမ်းနည်းမိကြောင်း ဖော်ပြထားပါတယ်။ အဆိုပါ ဖြစ်ရပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးရဲ့ နစ်နာမှုကို မကာကွယ်ပေးရုံသာမက၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ရေးမှာ အရေးကြီးတဲ့ လူထုအသံကို ပေါ်ပေါ်တင်တင် မျက်ကွယ်ပြုလိုက်ခြင်းဖြစ်တယ်လို့ ထောက်ပြထားတာပါ။

 

တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက တပ်ရင်းမှူး ရန်ရှင်းအောင်၊ မုဒိမ်းမှုကျူးလွန်သူ အပါအဝင် အခြားကျူးလွန်သူများ၊ ပါဝင်ပတ်သက်သူများ အားလုံးကို တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တရားစီရင်ရေးစနစ်အရ အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး အရေးယူပေးရန်၊ လိုအပ်ပါက လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့/ကော်မရှင်မှတစ်ဆင့် စုံစမ်းရန်။ အလားတူ ဖြစ်စဉ်မျိုးတွေကို ထိရောက်စွာ အရေးမယူနိုင်ခဲ့သည့်အတွက် ယခုလို ဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားနေခြင်းဖြစ်ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးကာလ ၅ နှစ်အတွင်း ကျူးလွန်ခံခဲ့ရသော အမျိုးသမီးနှင့် ကလေးငယ်များအတွက် တရားမျှတမှုနှင့် အရေးယူမှု အမြန်ဆုံးဖော်ဆောင်ပေးရန်။ ထို့ပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးရေး မူဝါဒများနှင့် တော်လှန်ရေးအဖွဲ့အစည်းများအတွင်း မည်သည့်ဘာသာဝင်၊ မည်သည့်လူမျိုးကိုမဆို ခွဲခြားဆက်ဆံခြင်းမပြုရေး မူဝါဒများကို လက်တွေ့ကျကျ အကောင်အထည်ဖော်ရန်။ (တော်လှန်ရေးအတွင်းမှ လူမျိုးရေး၊ ဘာသာရေးအခြေခံ ခွဲခြားမှုဖြစ်စဉ်အား ထည့်သွင်းဖော်ပြရန် စတဲ့ အချက်တွေကို အကောင်အထည်ဖော်ပေးဖို့ တောင်းဆိုလိုက်တာပါ။ 

 

ဒါ့အပြင် ကနဦးတောင်းဆိုချက်အတွင်း နစ်နာသူအမျိုးသမီးနဲ့ မိသားစုဝင်တွေကို တပ်ရင်းရဲ့ ဖိအားပေးမှုတွေကနေ ကင်းလွတ်တဲ့ ဘေးကင်းရာနေရာသို့ ရွှေ့ပြောင်းပေးရန်ဆိုတဲ့ အချက်ကိုမူ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေ စုပေါင်းဖြေရှင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

 

အစိုးရတစ်ရပ် အနေဖြင့် အမှုဖြစ်စဉ်တစ်ခုကို ထိရောက်စွာမကိုင်တွယ်နိုင်ဘဲ အားနည်းချက်များစွာ ရှိနေခြင်းဟာ တော်လှန်ရေးနှင့် NUG အစိုးရကို ထောက်ခံတဲ့ ပြည်သူလူထုကို မလေးစားခြင်းဖြစ်ပြီး၊ တာဝန်ယူရမည့် ကိစ္စရပ်တွေကို ထိရောက်စွာ တာဝန်ယူရန် လိုအပ်ကြောင်းကိုလည်း အရပ်ဘက်အဖွဲ့အစည်းတွေက ပြင်းထန်စွာ ထောက်ပြထားကြပါတယ်။