တပ်ရင်းမှူး ပုလဲမောင် လုပ်ကြံခံရပြီးနောက် ခရိုင်ကွပ်ကဲရေးမှူးအပါအဝင် တာဝန်ရှိသူတွေကို စစ်ရုံးချုပ်က လက်နက်ဖြုတ်သိမ်းကာ တာဝန်မှယာယီရပ်ဆိုင်းပြီး စစ်ဆေးမှုတွေစတင်
ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းက တပ်ရင်းမှူး ရဲဘော်ပုလဲမောင် (ခ) ပီတာ မတရားလုပ်ကြံခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး အပါအဝင် ခရိုင်စစ်ဌာန တာဝန်ရှိသူတွေကို တတာဝန်မှ ယာယီရပ်ဆိုင်းကာ လက်နက်ဖြုတ်သိမ်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က ဇွန်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် နောက်ဆက်တွဲ သတင်းထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်အရ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ကတည်းက အမိန့်အမှတ် (၂၂၈/၂၀၂၆) ဖြင့် စုံစမ်းစစ်ဆေးရေးခုံရုံးကို စနစ်တကျ ဖွဲ့စည်းခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရာမှာလည်း ဒေသတွင်း ဩဇာလွှမ်းမိုးမှု ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး အပါအဝင် ယင်းမာပင်ခရိုင်စစ်ဌာန တာဝန်ရှိသူတွေကို တာဝန်မှ ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီး၊ စစ်ကိုင်းတိုင်းစစ်ဌာန ဌာနချုပ်သို့ တိုင်းစစ်ဌာနရဲ့ အနီးကပ်ကြီးကြပ်မှုဖြင့် ခေါ်ဆောင်ကာ လက်နက်ဖြုတ်သိမ်းမှုတွေ လုပ်ဆောင်ထားပြီးဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် တပ်ရင်းမှူး ပုလဲမောင်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့တဲ့ တရားခံ ရဲဘော်ငဖြိုးကိုလည်း လက်ရှိအချိန်မှာ ဗဟိုစစ်အချုပ်ထောင်သို့ ပြောင်းရွှေ့ဖမ်းဆီး ထိန်းသိမ်းထားရှိပြီးဖြစ်တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။
စုံစမ်းစစ်ဆေးရေးခုံရုံး အနေဖြင့်လည်း ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုတွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး၊ စုံစမ်းစစ်ဆေးမှုမှ တွေ့ရှိချက်တွေအပေါ် မူတည်ကာ စစ်ဘက်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်တရားရုံး (သို့မဟုတ်) စစ်ခုံရုံးတင်ကာ ပြတ်ပြတ်သားသား စစ်ဆေးစီရင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုထားပါတယ်။
စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေစဉ် ကာလအတွင်း ယင်းမာပင်ခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့တွေရဲ့ ကွပ်ကဲမှုကွင်းဆက် ပြတ်တောက်မှုမရှိစေရန်အတွက် စစ်ကိုင်းတိုင်းစစ်ဌာနက တိုက်ရိုက်ဝင်ရောက် ကွပ်ကဲသွားမည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင် ဦးဆောင်ပြုလုပ်တဲ့ အစည်းအဝေးအတွင်း တပ်ရင်း (၆) တပ်ရင်းမှူး ပုလဲမောင်ကို ဗိုလ်စွမ်းသူမောင်ရဲ့ တပည့်ဖြစ်သူ ရဲဘော်ငဖြိုးက ပစ္စတိုသေနတ်ဖြင့် ပစ်သတ်လုပ်ကြံခဲ့ခြင်း ဖြစ်ပါတယ်။
အဆိုပါနေ့ ညပိုင်းမှာပင် ပြစ်မှုကျူးလွန်သူ ရဲဘော်ငဖြိုးကို လက်နက်ဖြုတ်သိမ်းကာ ယင်းမာပင်ခရိုင်စစ်ဌာန လက်အောက်ရှိ အချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသေးတယ်။
တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားမျှတမှု ရရှိရေးအတွက် စစ်ဘက်ဥပဒေများနှင့်အညီ ပြတ်ပြတ်သားသား ကိုင်တွယ်စစ်ဆေးစီရင်စေဖို့ကိုလည်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေက အသီးသီး တိုက်တွန်းတောင်းဆိုထားကြောင်း စုံစမ်းသိရှိရပါတယ်။
