တပ်ရင်းမှူး ပုလဲမောင် မတရားလုပ်ကြံခံရမှု တရားမျှတမှုရှိစေရေး သမာသမတ်ကျကျ ကိုင်တွယ်ရန် အမှတ် (၁) စစ်ဒေသ တိုက်တွန်း

Author CJ Platform
Categories
Published on Jun 29, 2026

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ရဲဘော်ပုလဲမောင် (ခ) ပီတာ မတရားသဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ်အတွက် တရားမျှတမှုရှိစေရေးနဲ့ ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူနိုင်ရေးအတွက် သမာသမတ်ကျကျ ကိုင်တွယ်ဖြေရှင်းပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကို အမှတ် (၁) စစ်ဒေသဌာနချုပ်က ဇွန်လ ၂၉ ရက်နေ့ ရက်စွဲဖြင့် လေးနက်စွာ တိုက်တွန်းတောင်းဆိုထားပါတယ်။

 

ရဲဘော်ပုလဲမောင်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးရဲ့ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေစဉ်အချိန်မှာ မတရားသဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာကြောင့် သူရဲ့ကျဆုံးမှုအပေါ် ကျန်ရစ်သူမိသားစုနဲ့အတူ အထူးပင် ဝမ်းနည်းကြေကွဲရကြောင်း အမှတ် (၁) စစ်ဒေသက ဖော်ပြထားပါတယ်။

 

ဒါ့အပြင် ကျဆုံးသူ တပ်မှူး ပုလဲမောင် (ခ) ပီတာဟာ ယင်းမာပင်ခရိုင်ရှိ တော်လှန်ရေးအင်အားစုတွေထဲက ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုကိုခံယူဖို့ ၂၀၂၂ ခုနှစ်မှာ သူနဲ့အတူ သူ့ရဲ့တပ်ရင်းတစ်ခုလုံးဟာ အမှတ် (၁) စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်အောက်ကို ပထမဆုံးအဖြစ် ကွပ်ကဲမှုခံယူလာခဲ့တဲ့ တပ်မှူးတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

 

အလားတူပင် မနေ့က ဇွန်လ ၂၈ ရက်နေ့မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ခွဲမှူးသင်တန်း အပတ်စဉ် (၂) ကျောင်းဆင်းရဲဘော်တွေနဲ့ ၁/၂၀၂၂ တပ်ခွဲမှူးသင်တန်းဆင်း တပ်မှူးတွေကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာနဲ့ သဘောထားထုတ်ပြန်ချက်တွေကို အသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။

 

ထုတ်ပြန်ချက်တွေမှာ လုပ်ကြံသတ်ဖြတ်သူနဲ့ အပေါင်းအပါတွေဟာ သူတို့ရဲ့အမှားကို ဖုံးကွယ်ဖို့အတွက် လုပ်ကြံဖန်တီးထားတဲ့ ဗီဒီယိုနဲ့ အသံဖိုင်တွေကို သတင်းမီဒီယာတွေနဲ့ လူမှုကွန်ရက်ပေါ် ဖြန့်ဝေကာ ကျဆုံးသူတပ်ရင်းမှူးရဲ့ တော်လှန်ရေးဂုဏ်သိက္ခာကို ကျဆင်းအောင် လုပ်ဆောင်နေကြကြောင်း၊ အဆိုပါ လုပ်ရပ်တွေဟာ နွေဦးတော်လှန်ရေးတစ်ခုလုံးကို ထိခိုက်စေတဲ့ တန်ပြန်တော်လှန်ရေးလုပ်ရပ်ဖြစ်သဖြင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည့်အပြင်၊ နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းသူတွေကိုပါ စံပြအရေးယူပေးရန် တောင်းဆိုထားကြပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင် ဦးဆောင်ပြုလုပ်တဲ့ အစည်းအဝေးအတွင်း တပ်ရင်း (၆) တပ်ရင်းမှူး ပုလဲမောင်ကို ဗိုလ်စွမ်းသူမောင်ရဲ့ တပည့်ဖြစ်သူ ရဲဘော်ငဖြိုးက ပစ္စတိုသေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ပါတယ်။

 

အဆိုပါနေ့ ညပိုင်းမှာပင် ပြစ်မှုကျူးလွန်သူ ရဲဘော်ငဖြိုးကို လက်နက်ဖြုတ်သိမ်းကာ ယင်းမာပင်ခရိုင်စစ်ဌာန လက်အောက်ရှိ အချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး၊ တရားမျှတမှု ရရှိရေးအတွက် စစ်ဘက်ဥပဒေများနှင့်အညီ ပြတ်ပြတ်သားသား ကိုင်တွယ်ရန် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေက ယခုလို ဆက်တိုက် တောင်းဆိုမှုတွေရှိနေပါတယ်။

 

 

Related News

Depend on news