ကော့ကရိတ်မြို့တွင်း အနည်းငယ် ပြန်လည်စည်ကားလာပေမယ့် စစ်အုပ်စုရဲ့ ဂိတ်တွေနဲ့ မိုင်းအန္တရာယ်ကြောင့် ဒေသခံတွေ စိုးရိမ်မှုရှိနေဆဲ
ကရင်ပြည်၊ ကော့ကရိတ်မြို့တွင်း၌ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ တိုက်ပွဲပြင်းထန်မှုတွေ ခေတ္တငြိမ်သက်နေတာကြောင့် မြို့တွင်းရှိ ကုန်စုံဆိုင်အချို့ ပြန်လည်ဖွင့်လှစ်ကာ ဒေသခံတွေ စည်းကမ်းတကျ ဈေးဝယ်ယူလို့ ရနေပြီဖြစ်သော်လည်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ စစ်ကျန်မိုင်းအန္တရာယ်တွေ ရှိနေဆဲဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ကော့ကရိတ်မြို့တွင်း တိုက်ပွဲတွေ ငြိမ်သက်သွားပြီးနောက်ပိုင်း မြို့ခံအချို့ နေ့ချင်းပြန် ဝင်ထွက်သွားလာခြင်းနဲ့ မြို့တွင်းမှာ ကုန်ပစ္စည်းတွေ ပြန်လည်ဝယ်ယူလို့ ရနေပြီဖြစ်သော်လည်း၊ လမ်းခရီးသယ်ယူစရိတ် ကြီးမြင့်မှုကြောင့် ကုန်ဈေးနှုန်းတွေမှာ အဆမတန် မြင့်တက်လျက် ရှိနေတာ ဖြစ်ပါတယ်။
မြို့တွင်း မြေပြင်အခြေအနေနဲ့ ပတ်သက်ပြီး ကော့ကရိတ်ဒေသခံတစ်ဦးက “အခု မြို့ထဲမှာ ကုန်စုံဆိုင်တချို့ ပြန်ဖွင့်နေပြီဆိုတော့ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ သွားဝယ်လို့တော့ ရနေပြီ။ ဒါပေမဲ့ ဈေးနှုန်းတွေက တအားကြီးတယ်။ ပစ္စည်းက မရှားပေမဲ့ ပိုက်ဆံရှားတယ်။ ဘန်ကောက်သွားတဲ့ မိသားစုဝင်ရှိတဲ့သူတွေပဲ အဆင်ပြေကြတာ။ ရွာမှာက အလုပ်မရှိဘူးလေ” လို့ ပြောပြပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့တွင်း တောင်ဘက် ကမိုင်ကုန်းကျေးရွာတွင် စစ်အုပ်စုက ဂိတ်ချထားတာကြောင့် ထိုလမ်းဘက်သို့ သွားလာသူမရှိကြောင်း ကော့ကရိတ်တောင်ဘက် ဒေသခံတစ်ဦးက ဆိုပါတယ်။
သူက “မြို့မှာ ဈေးသွားဝယ်လို့က ရပြီ။ ဒါပေမဲ့ ကမိုင်ကုန်းဘက်တော့ မသွားရဲဘူး။ တခြားလမ်းဘက်က ပတ်သွားရတယ်။ အဆိုပါဘက်မှာ စစ်အုပ်စုက ဂိတ်ချထားတယ်” လို့ ပြောပါတယ်။
ကော့ကရိတ်တောင်ဘက်ရှိ ကျေးရွာတွေက ဒေသခံတွေဟာ ကမိုင်ကုန်းလမ်းဘက်မှတစ်ဆင့် မြို့သို့သွားလျှင် ၇ မိုင်သာ ဝေးသော်လည်း လက်ရှိအချိန်မှာ လမ်းဟောင်းဘက်ကနေ ပတ်သွားရတာကြောင့် လမ်းခရီး ၁၀ မိုင်ခန့်အထိ ရှိနေတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း ကမိုင်ကုန်းနဲ့ အနီးနားရှိ ကျေးရွာတွေဟာ စစ်ဘေးဒဏ်ကို ပြင်းထန်စွာ ခံခဲ့ရတဲ့အပြင် စစ်အုပ်စုတပ်ဖွဲ့တွေဘက်က ကျေးရွာအတွင်းရှိ တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်သွားခဲ့မှုတွေကြောင့်၊ လက်ရှိ ဒေသတွင်းသို့ ပြန်လည်ဝင်ရောက်လာတဲ့ ဒေသခံတွေဟာ ဘဝကို အစကနေ ပြန်လည်စတင်နေကြရပြီး ကမိုင်ကုန်းရွာအတွင်းသို့လည်း ဒေသခံတွေ ပြန်လည်နေထိုင်ဖို့ မရဲကြသေးပါဘူး။
လက်ရှိအချိန်မှာ မြေပြင်၌ တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း အရပ်သားပြည်သူတွေအနေနဲ့ ဒရုန်းနဲ့ စစ်ကောင်စီရဲ့ လေယာဉ်ပျံဝဲသံတွေကို နေ့စဉ်ကြားနေရတာကြောင့် စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေကြရကြောင်း စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – CJ
