နတ်မောက် ပကဖက အမျိုးသမီးတစ်ဦးကို သတ်ဖြတ်မှုခဲ့မှုအား မိသားစုက ဖြေရှင်းပေးဖို့ တောင်းဆိုထားမှုအပေါ် စစ်အုပ်စုဒလန်ဖြစ်လို့ ရှင်းတာလို့ ထုတ်ပြန်လာ
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ နလက္ခုပ္ပင်ကျေးရွာရှိ ဈေးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်ဇင်မေထွန်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက် အဲဒီ အမျိုးသမီးဟာ စစ်အုပ်စုရဲ့ ဒလန်သူလျှိုအကြီးစားဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီကနေ့ ဇူလိုင်လ ၂ ရက်နေ့မှာ သတင်းထုတ်ပြန် လာပါတယ်။
ပြီးခဲ့တဲ့ မေလလယ်ပိုင်းက ဒေါ်ဇင်မေထွန်းကို နတ်မောက်မြို့နယ် ပကဖဘက်က ဖမ်းဆီးပြီးနောက် ရွာထိပ်မှာ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တာပါ။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဆုံးသူရဲ့ သားဖြစ်သူက မိခင်ဖြစ်သူမှာ မည်သည့်အပြစ်မျှမရှိကြောင်း၊ ဖုန်းတွေကို စစ်ဆေးစဉ်ကလည်း တစ်စုံတစ်ရာ မတွေ့ရှိဘဲ ပြန်လွှတ်ပေးမည်ဟု ဆိုကာမှ ဖမ်းဝရမ်းနဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထား တစ်စုံတစ်ရာမပြဘဲ ဥပဒေမဲ့စွာ လုပ်ကြံသတ်ဖြတ်သွားခြင်းဖြစ်ကြောင်း၊ တာဝန်ရှိသူတွေကလည်း တာဝန်ယူမှုမရှိကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့မှာ ဝေဖန်ရေးသားခဲ့ပါတယ်။
မိသားစုဝင်တွေရဲ့ ရေးသားချက်တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပြည်သူတွေ အထင်အမြင်လွဲမှားသွားစေနိုင်တာကြောင့် နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ဇူလိုင်လ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ချက် ဖြေရှင်းတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နတ်မောက်မြို့နယ် ပကဖရဲ့ ထုတ်ပြန်ချက်အရ နတ်မောက်မြို့အရှေ့ဘက် ၃ မိုင်ခန့်အကွာမှာရှိတဲ့ နလက္ခုပ္ပင်ကျေးရွာဟာ တော်လှန်ရေးရဲဘော်တွေ မြို့တွင်းဝင်ထွက်သွားလာဖို့နဲ့ မြို့ကို ဝိုင်းပတ်ပိတ်ဆို့ရန်အတွက် စစ်ဗျူဟာအရ အလွန်အရေးပါတဲ့ လမ်းပေါက်ကျေးရွာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒေါ်ဇင်မေထွန်းဟာ စစ်အုပ်စုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး တော်လှန်ရေးရဲဘော်တွေကို PDF များဖြစ်သဖြင့် ဈေးမရောင်းဟု ငြင်းဆန်တာ၊ ရွာသူရွာသားတွေကို ရဲဘော်တွေကို ဈေးမရောင်းဖို့ စစ်အုပ်စု ဗိုလ်မှူးက ပြောထားကြောင်း ပြန်လည်ဝါဒဖြန့်ခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သူမရဲ့ သတင်းပေးမှုကြောင့် တော်လှန်ရေးရဲဘော်တစ်ဦးရဲ့ မိသားစုနေအိမ် မီးရှို့ဖျက်ဆီးခံရခြင်းအပြင်၊ ၂၀၂၁ ခုနှစ်က သူမရဲ့ ဆွေမျိုးတွေ သတင်းပေးမှုကြောင့် ရွာသား ၃ ဦး ဖမ်းဆီးခံရကာ ထောင်ဒဏ်ကျခံနေရခြင်းတွေ ရှိခဲ့တယ်လို့လည်း နတ်မောက်မြို့နယ် ပကဖရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
အလားတူပင် ပြီးခဲ့တဲ့ ဧပြီလအတွင်း တော်လှန်ရေးရဲဘော်တွေဟာ ကျေးရွာအတွင်း ရိက္ခာအလှူခံနေစဉ် ဒေါ်ဇင်မေထွန်းက သတင်းပေးတိုင်ကြားခဲ့တာကြောင့်၊ စစ်အုပ်စုတပ်က ဒရုန်း (Drone) ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့လို့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦး အပါအဝင် ၃ ဦး ဒဏ်ရာရရှိပြီး ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်းလည်း ထည့်သွင်းဖော်ပြထားပါတယ်။
ဒါကြောင့် မြို့နယ်ပကဖ စစ်ရေးတာဝန်ခံ ဗိုလ်ယက္ခက ခေါ်ယူသတိပေးခဲ့ပေမဲ့ လိုက်နာခြင်းမရှိတာကြောင့် ယခုလိုမျိုး ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး၊ စစ်အုပ်စုဘက်ကနေ လက်နက်နဲ့ အလင်းဝင်လာခဲ့တဲ့ ရဲဘော်တစ်ဦးကလည်း ဒေါ်ဇင်မေထွန်းဟာ စစ်အုပ်စုရဲ့ ဒလန်အစစ်အမှန်ဖြစ်ကြောင်း ထွက်ဆိုထောက်ခံထားသလို၊ ကျေးရွာနေ ပြည်သူတွေကလည်း ပြောဆိုထောက်ခံထားကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒေါ်ဇင်မေထွန်းရဲ့ မိသားစုဝင်တွေ စွပ်စွဲထားတဲ့ ရွှေ၊ ငွေနဲ့ ဖုန်း ၄ လုံး ယူဆောင်သွားခြင်းမှာ မဟုတ်မှန်ဘဲ ဆိုင်ကယ်တစ်စီးနဲ့ ဖုန်းတစ်လုံးသာ သိမ်းဆည်းခဲ့ကြောင်းလည်း နတ်မောက် ပကဖက ငြင်းဆိုထုတ်ပြန်ထားပါတယ်။ လက်ရှိ ပစ်ခတ်ရှင်းလင်းမှုနဲ့ ပတ်သက်ပြီး သေဆုံးသူရဲ့ ပြည်ပရောက်သားဖြစ်သူနဲ့ အစ်မဖြစ်သူတို့က ဆိုရှယ်မီဒီယာတွေပေါ်မှာ မဟုတ်မမှန် ရေးသားနေခြင်းသာ ဖြစ်တယ်လို့ နတ်မောက်မြို့နယ် ပကဖဘက်က တုံ့ပြန်ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
