လိုင်စင်သက်တမ်းတိုးသည့် ဆိုင်ကယ်တွေ ဘေးတွဲတပ်ဆင်အသုံးမပြုဖို့ ခံဝန်ကတိထိုးရ

Author CJ Platform
Categories
Published on Jul 02, 2026

ရန်ကုန်တိုင်းအတွင်း လိုင်စင်သက်တမ်းတိုးတဲ့ ဆိုင်ကယ်အားလုံးကို ဘေးတွဲတပ်ဆင်အသုံးမပြုဖို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) က ဝန်ခံကတိလက်မှတ် ရေးထိုးခိုင်းနေတယ်လို့ လိုင်စင်သက်တမ်းတိုးသူတွေဆီကနေ သိရပါတယ်။

 

ဒီကနေ့ နံနက်ပိုင်းက သန်လျင်မြို့နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးမှာ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်နဲ့ ခရမ်းမြို့နယ်က ဆိုင်ကယ်တွေကို လိုင်စင်သက်တမ်းတိုးပေးရာမှာ ယခုလိုမျိုး ခံဝန်ကတိ ရေးထိုးခိုင်းတာဖြစ်တယ်လို့ လိုင်စင်သက်တမ်းတိုးသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“လိုင်စင်ရှိတဲ့ဆိုင်ကယ်ကို ဘေးတွဲတွဲပြီး မောင်းနှင်ခွင့်မပြုဘူးဆိုတာ လိုင်စင်သက်တမ်းတိုးတဲ့သူတွေ သိရှိကြောင်း ကညန က ခံဝန်ထိုးခိုင်းတာပါ။ ခံဝန်ထိုးပြီးမှ လိုင်စင်ရှိတဲ့ ဆိုင်ကယ်ကို ဘေးတွဲတွဲပြီး မောင်းမယ်ဆိုရင် ငွေဒဏ်ရော ထောင်ဒဏ်ရော ကျခံရမှာ ဖြစ်ပါတယ်” လို့ သူက ရှင်းပြပါတယ်။

 

တားမြစ်ချက်ကို လိုက်နာခြင်းမရှိပါက ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၅ နဲ့ ပုဒ်မ ၉၆ တို့ဖြင့် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကညန ဘက်က ထုတ်ပြန်ထားတာပါ။

 

ကညန က ထုတ်ပြန်ထားတဲ့ ဥပဒေပုဒ်မတွေနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေတစ်ဦးက “ပုဒ်မ ၉၅ က တားမြစ်ချက်ကို ဖောက်ဖျက်မှု ဖြစ်ပြီး ပြစ်ဒဏ်က ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ပါတယ်။ ပုဒ်မ ၉၆ ကတော့ ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရန်ကုန်မှာ ပုဒ်မ ၉၅ (က) နဲ့ အရေးယူတာရော၊ အမိန့်ချမှတ်တာရော နည်းပါးပါတယ်။ နားလည်မှုအရ ငွေဒဏ်ပဲ အမိန့်ချမှတ်တာ များပါတယ်” လို့ သုံးသပ်ပြောဆိုပါတယ်။

 

စစ်အုပ်စုက ဘေးတွဲဆိုင်ကယ်တွေကို ဖျက်သိမ်းဖို့ လုပ်ဆောင်နေတာဟာ အခြေခံလူတန်းစားတွေရဲ့ ထမင်းအိုးကို ရိုက်ခွဲသလိုမျိုး ဖြစ်နေတယ်လို့ မြောက်ဥက္ကလာပမြို့နယ် ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဘေးတွဲဆိုင်ကယ်တွေကို စည်းကမ်းတကျနဲ့ တာဝန်ယူမှု၊ တတာဝန်ခံမှုရှိရှိ လုပ်ကိုင်စားသောက်လို့ရအောင် စီစဉ်ပေးဖို့ မတွေးဘဲ ဖျက်သိမ်းဖို့အထိ လုပ်တာမျိုးကျတော့ မရှိဆင်းရဲသားတွေရဲ့ ထမင်းအိုးကို ရိုက်ခွဲသလို ခံစားရတယ်” လို့ သူက ဆိုပါတယ်။

 

ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ဘေးတွဲယာဉ်နဲ့ ယာဉ်မောင်းတွေကို တရားဝင်လိုင်စင် ထုတ်ပေးပြီး စနစ်တကျ သွားလာခွင့်ပြုဖို့ အစီအစဉ် ရှိ၊ မရှိ ဆိုတာကို ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က ပြုလုပ်တဲ့ စစ်အုပ်စုရဲ့ ရန်ကုန်တိုင်းဒေသကြီးအဆင့် အစည်းအဝေးတစ်ခုမှာ မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးမင်းသိန်းထွန်းက မေးမြန်းခဲ့ပါသေးတယ်။

 

ဒီလိုမျိုး မေးမြန်းရာမှာ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ဒေသန္တရလုပ် ဘေးတွဲဆိုင်ကယ် ရှစ်သောင်းကျော်ကို တရားဝင် မှတ်ပုံတင်ပေးလို့မရကြောင်း စစ်အုပ်စုခန့် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

 

ရန်ကုန်တိုင်းအတွင်းရှိ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ ဆိုက္ကားတွေရဲ့ နေရာမှာ အချိန်ကုန်သက်သာပြီး မြန်ဆန်တဲ့ ဘေးတွဲဆိုင်ကယ်တွေကို အစားထိုး အသုံးပြုလာကြတာဟာ ဆယ်စုနှစ်နီးပါး ကြာမြင့်လာပြီ ဖြစ်ကြောင်း သိရပါတယ်။

 

ဓာတ်ပုံ – CJ Platform