သန်လျင်တပ်နယ်က မူးယစ်ဆေးသုံးနေတဲ့ အရာရှိတွေ ဆေးဖိုးမပေးလို့ ရောင်းချသူတွေနဲ့ ရန်ဖြစ် 

Author CJ Platform
Categories
Published on May 15, 2026

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် ရေတပ်လေ့ကျင့်ရေးဌာနချုပ်အနီးမှာ မေလ ၁၄ ရက် ည ၉ နာရီက မူးယစ်ဆေးဝါးသုံးစွဲတဲ့ အရာရှိတွေနဲ့ ရောင်းချသူတွေအကြား ပြဿနာဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

ရေတပ်လေ့ကျင့်ရေးဌာနချုပ်မှာ သင်တန်းတက်နေတဲ့ အရာရှိတွေဟာ သန်လျင်မြို့ထဲက မူးယစ်ဆေးရောင်းချသူတွေဆီက မူးယစ်ဆေးဝါးဝယ်သုံးပြီး အကြွေးမပေးရာမှ လာတောင်းရင်း ဖြစ်တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“သင်တန်းသားအရာရှိတွေ E တွေ၊ K တွေ ဝယ်သုံးပြီး ပိုက်ဆံမပေးလို့ မနေ့ညက ပြဿနာတက်ကြတယ်။ ရောင်းတဲ့သူက အရာရှိကြီးတွေရဲ့ သားသမီးတွေပဲ။ ဘယ်လိုပြီးသွားလဲတော့ မသိဘူး၊ အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်” လို့ ပြောပါတယ်။

 

သင်တန်းသားအရာရှိတွေဟာ ညဘက် တန်းစီပြီးတာနဲ့ အပြင်ခိုးထွက်ပြီး မြို့အတွင်း KTV Hi ခန်းတွေကို သွားနေတာဟာ အတော်ကြာပြီဖြစ်ပြီး တစ်ခါတစ်ရံ သင်တန်းကျောင်းအတွင်းသို့ ပြည့်တန်ဆာတွေပါ ခေါ်လာတယ်လို့ သင်တန်းကျောင်းအနီး နေထိုင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“တန်းစီချိန်ပြီးရင် အရာရှိတွေအကုန်လုံး မြို့ထဲက KTV မှာ ဆေးသွားချတယ်။ စိတ်မထင်ရင် မထင်သလို မြို့ထဲမှာ ပြဿနာရှာတာတွေ ရှိတယ်။ တစ်ခါတလေ သင်တန်းကျောင်းထဲကို ပြည့်တန်ဆာတွေ ခေါ်လာတယ်။ တာဝန်ကျတဲ့ ဂိတ်စောင့်တွေကလည်း အရာရှိတွေဆိုတော့ တံခါးဖွင့်ပေးတာပေါ့” လို့ ရှင်းပြပါတယ်။

 

ဒီလိုဖြစ်နေတာ ကြာပြီဖြစ်ပြီး မူးယစ်ဆေးကိစ္စကြောင့် သင်တန်းကနေ ထုတ်ပယ်ခံရတဲ့ အရာရှိတွေလည်း ရှိတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

 

ထောက်လှမ်းရေးကနေ စစ်ခေါင်းဆောင်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အရာရှိ၊ စစ်သည်တွေအနေနဲ့ လောင်းကစား၊ ငွေကြေးနဲ့ မူးယစ်ဆေးဝါးကိစ္စ ကင်းရှင်းရမယ်လို့ ပြောဆိုနေပေမယ့် သင်တန်းကျောင်းတွေမှာ မူးယစ်ဆေးဝါးက လိုသလောက် ရနေတာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Pro-SAC