ပုံစံ ၇ အခက်အခဲကြောင့် တောင်သူအများစု စိုက်ပျိုးစရိတ်ချေးငွေမရဘဲ ဒုက္ခရောက်နေ 

Author CJ Platform
Categories
Published on May 15, 2026

၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးရေးချေးငွေကို တောင်သူတွေ ထုတ်ချေးရာမှာ စစ်အုပ်စုက သတ်မှတ်ထားတဲ့  ပုံစံ ၇ အခက်အခဲကြောင့် ချေးငွေမရတဲ့ တောင်သူတွေ များတယ်လို့ သိရပါတယ်။

 

ဒီနှစ် မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေကို လယ် ၁ ဧကကို ၃ သိန်းနှုန်းနဲ့ ၁၀ ဧက သိန်း ၃၀ ချေးပေမယ့် လယ်ယာလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ အမည်ပေါက်မဟုတ်တာကြောင့် လက်ရှိလယ်လုပ်နေတဲ့သူတွေ မရဘူးလို့ တွံတေးမြို့နယ်က လယ်သမားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ချေးငွေထုတ်ပေးတယ်ဆိုပေမယ့် ပုံစံ ၇ အမည်ပေါက်မဟုတ်တော့ မရဘူး။ ဘာလို့လဲဆိုတော့ အဖေမဆုံးခင်က မောင်နှမတွေ လယ်လုပ်စားဖို့ဆိုပြီး လယ်တွေကို အမွေပေးခဲ့တာ နာမည်က အဖေအမည်ပေါက်ဆိုတော့ ချေးငွေမရဘူး။ ချေးငွေရဖို့ဆို အမည်ပေါက်ပြောင်းမှ ရမယ်” လို့ ပြောပါတယ်။

 

မိမိပိုင်လယ်မြေမှာ အမှန်တကယ် လယ်လုပ်နေပေမယ့် ပုံစံ ၇ ကို လုပ်ငန်းရှင်တွေက မြေစာရင်းနဲ့ပေါင်းပြီး ထုတ်ထားတာကြောင့် မိုးရာသီစိုက်ပျိုးရေးချေးငွေ မရဘူးလို့ မှော်ဘီမြို့က လယ်သမားတစ်ဦးကလည်း CJ Platform ကို ပြောပြပါတယ်။

 

“အမေစုလက်ထက်က မှော်ဘီမှာ တပ်ကသိမ်းထားတဲ့ လယ်မြေတွေကို လယ်သမားတွေကို ပြန်ပေးတယ်။ လယ်သမားတွေက ကိုယ့်လယ်ပြန်ရတော့ လယ်ပဲလုပ်တာပေါ့၊ ချေးငွေမချေးကြဘူး။ အဲဒီအချိန်မှာ လုပ်ငန်းရှင်တွေက မြေစာရင်းနဲ့ပေါင်းပြီး ပုံစံ ၇ ထုတ်တယ်။ အခုလိုကျပ်တည်းလာတဲ့ကာလမှာ လယ်သမားတွေ ချေးငွေလျှောက်တော့ ပုံစံ ၇ မရှိလို့ မရဘူး။ ပုံစံ ၇ လည်း လျှောက်လို့ မရတော့ဘူး။ ဖြစ်နေတဲ့ပြဿနာက လယ်လုပ်နေတဲ့ လယ်သမားက ချေးငွေမရဘဲ မြို့ပေါ်မှာ အဲကွန်းခန်းထိုင်နေတဲ့သူက ချေးငွေထုတ်စားနေတယ်” လို့ ပြောပါတယ်။

 

လယ်လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ ကို လယ်သမားတွေက လျှောက်ထားချင်ပေမယ့် မြို့နယ်မြေစာရင်းရုံးက ၁ ဧကကို ၂ သိန်းနှုန်း တောင်းနေတာကြောင့် ၁၂ ဧကအတွက် ကုန်ကျစရိတ် ၂၄ သိန်းကို မတတ်နိုင်လို့ ပုံစံ ၇ မထုတ်ပေးရသေးဘူးလို့ ခရမ်းမြို့က လယ်သမားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“လယ်သမားတွေ ပုံစံ ၇ အမည်ပေါက် မပြောင်းဘူးလားဆိုတော့ ပြောင်းချင်တာပေါ့၊ ကိုယ်စိုက်နေတဲ့လယ်ပဲ။ မြေပြင်မှာဖြစ်နေတာက ပုံစံ ၇ ပြောင်းဖို့အတွက် ၁ ဧကကို မြေစာရင်းက ၂ သိန်း တောင်းတယ်။ အချို့နေရာတွေမှာ ၃ သိန်း တောင်းတယ်။ မသိနားမလည်လို့ မပြောင်းရတဲ့သူရှိသလို အဲဒီကုန်ကျစရိတ် မတတ်နိုင်လို့ မပြောင်းရတဲ့သူတွေ ရှိတယ်။ ကျွန်တော်ဆို ၁၂ ဧက ရှိတယ်၊ ၂၄ သိန်း ပေးရမယ်။ မတတ်နိုင်တော့ မပြောင်းရဘူး” လို့ သူ့ရဲ့ဒုက္ခကို ပြောပါတယ်။

 

ဒီနှစ် မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေ ၁ ဧကကို ၃ သိန်းနှုန်းနဲ့ ၁၀ ဧကအတွက် သိန်း ၃၀ ကို အတိုး ၅ ရာခိုင်နှုန်းနဲ့ စစ်အုပ်စုက မေလ ၁၂ ရက်ကစပြီး ချေးပေးတာ ဖြစ်ပါတယ်။

 

စိုက်ပျိုးရေးစရိတ်ထုတ်ချေးငွေများကို မိုးချေးငွေ ၂၀၂၆ ခုနှစ် မေလမှ စက်တင်ဘာလကုန်အထိ၊ ဆောင်းချေးငွေ ၂၀၂၆ ခုနှစ် အောက်တိုဘာလမှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလကုန်အထိ၊ မိုးကြိုချေးငွေ ၂၀၂၇ ခုနှစ် ဇန်နဝါရီလမှ မတ်လကုန်အထိ သတ်မှတ်ထားပါတယ်။