တောင်ကြီးမှာ အသက် ၄ နှစ်အရွယ် ကလေးငယ်ကို မိထွေးဖြစ်သူက အငိုမတိတ်လို့ ရိုက်ရမှာ သေဆုံးသွားလို့ အလောင်းဖျောက်မှုဖြစ်ပွား
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေတောင်ရပ်ကွက်၊ နယ်မြေ (၁) ဦးရွှေအိုးလမ်းမှာ မေလ ၁၂ ရက်က အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို မိထွေးဖြစ်သူက သတ်ဖြတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မေလ ၁၂ ရက် နေ့လယ် ၁ နာရီက ရွှေတောင်ရပ်ကွက်၊ နယ်မြေ (၁) ဦးရွှေအိုးလမ်းမှာ အိမ်ငှားနေထိုင်တဲ့ မသန္တာစိုးဆိုသူ အမျိုးသမီးမှာ ပထမအိမ်ထောင်နဲ့ရတဲ့ ကလေးငယ်ကို ထမင်းကျွေးပြီး သိပ်နေစဉ် ကလေးမှာ ငိုနေတာကြောင့် ရိုက်နှက်ရာမှ အငိုမတိတ်၍ ဒေါသဖြစ်ပြီး လည်မျိုကို ညှစ်သတ်လိုက်တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ကလေးကို နေ့ခင်းဘက် သိပ်နေတာ၊ ကလေးငိုလို့ တုတ်နဲ့ အရင်ရိုက်တယ်။ တုတ်နဲ့ရိုက်လည်း ကလေးက ငိုနေလို့ အဲဒီမိန်းမက ဒေါသဖြစ်ပြီး လည်ပင်းကို ညှစ်လိုက်တာ ကလေးသေသွားတယ်။ သေသွားတော့ ယောက်ျားဖြစ်သူနဲ့ တိုင်ပင်ပြီး အဝတ်ထည့်တဲ့ပုံးနဲ့ ထည့်ပြီး အမှိုက်ပုံကို သွားလွှင့်ပစ်ဖို့ စီစဉ်နေတဲ့အချိန် အိမ်ရှင်က အုပ်ချုပ်ရေးမှူးကို အကြောင်းကြားလိုက်လို့ မိသွားတာ” လို့ ပြောပါတယ်။
အဲဒီဖြစ်စဉ်ကို ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ပြစ်မှုကျူးလွန်သူ မသန္တာစိုးနဲ့ ခင်ပွန်းဖြစ်သူ ကိုကျော်စိုးဦးတို့ကို ကလေးငယ်ကိစ္စကို မေးမြန်းရာ သေချာပြောပြနိုင်ခြင်းမရှိ၍ အိပ်ခန်းအတွင်း ရှာဖွေရာ ပလတ်စတစ်ကော်ပုံးအတွင်း သေဆုံးနေတဲ့ ကလေးငယ်အလောင်းကို တွေ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အိမ်ရှင်က အကြောင်းကြားတော့ အုပ်ချုပ်ရေးမှူးက ကလေးဘယ်မှာလဲမေးတာ မရဘူး။ လင်မယားနှစ်ယောက်စလုံးကို ရုံးမှာချုပ်ထားပြီး ရှာမှ ကလေးအလောင်းကို ပလတ်စတစ်ပုံးထဲမှာ တွေ့တာ။ မိထွေးရော ကလေးအဖေရော အုပ်ချုပ်ရေးအဖွဲ့က ရဲစခန်းကို ပို့လိုက်တယ်” လို့ ရှင်းပြပါတယ်။
ကလေးငယ်အလောင်းအား တွေ့ရှိပြီး အဆိုပါ လင်မယားနှစ်ယောက်ကို ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က တောင်ကြီးမြို့နယ် ရဲစခန်းကို ပို့ဆောင်ခဲ့တယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ မသန္တာစိုးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးကို တောင်ကြီးမြို့မရဲစခန်းက စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
