အလုပ်သမားထောင်ချီ လုပ်ကိုင်နေတဲ့ Kings Rich Fashion စက်ရုံ ရပ်နားမယ်
အလုပ်သမားထောင်ချီနဲ့ ဖွင့်လှစ်လည်ပတ်နေတဲ့ Kings Rich Fashion အထည်ချုပ်စက်ရုံကို ဇွန်လကုန်မှာ ရပ်နားမယ်ဆိုပြီး အလုပ်သမားတွေကို နို့တစ်စာထုတ်ကာ အသိပေးထားပါတယ်။
Kings Rich Fashion အထည်ချုပ်စက်ရုံကို ရွှေပြည်သာမြို့နယ်မှာ ဆယ်စုနှစ်ကြာ ဖွင့်လှစ်ခဲ့ပြီး ပြင်ပဈေးကွက်အခြေအနေ ပြောင်းလဲလာတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကုန်ထုတ်လုပ်မှု ရပ်နားမှာဖြစ်တယ်လို့ စက်ရုံက မေလ ၁၃ ရက် နေ့စွဲနဲ့ အသိပေးခဲ့တာလို့ အလုပ်သမားတွေက ဆိုပါတယ်။
အဲဒီစက်ရုံက အလုပ်သမားတစ်ယောက်က “စက်ရုံက ပိတ်မှာကို တစ်လကြို အကြောင်းကြားစာထုတ်လာတာ၊ အဓိက အထည်အော်ဒါပြတ်သွားလို့ ပိတ်တာဆိုပြီး ကြားတယ်” လို့ ပြောပါတယ်။
Kings Rich Fashion အထည်ချုပ်စက်ရုံမှာ နာမည်ကြီးကုန်အမှတ်တံဆိပ်ဖြစ်တဲ့ H&M အထည်ကို လက်ခံချုပ်လုပ်ခဲ့တာဖြစ်ပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုကြောင့် မကြာခဏ ပြဿနာတက်လေ့ရှိတဲ့ စက်ရုံဖြစ်တယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။
အဲဒီစက်ရုံက ချုပ်လုပ်တဲ့ H&M ကုန်အမှတ်တံဆိပ်က မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကြောင့် သူတို့ရဲ့ ထုတ်ကုန်အတွက် လုပ်ငန်းအပ်တာ ရပ်နားသွားမယ်ဆိုပြီး ၂၀၂၃ ခုနှစ်က ကြေညာခဲ့ပါတယ်။
အခုလို စက်ရုံပိတ်သိမ်းလိုက်တဲ့အတွက် အလုပ်သမားတွေကို ဥပဒေပါ နစ်နာကြေးပေးသွားမယ်လို့ Kings Rich Fashion စက်ရုံဘက်က အသိပေးထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
