Kings Rich စက်ရုံက အလုပ်သမားတွေကို တခြားနိုင်ငံရှိစက်ရုံမှာ လုပ်ကိုင်လိုရင် စီစဉ်ပေးမယ်လို့ဆို
မြန်မာနိုင်ငံမှာ လုပ်ငန်းရပ်နားမယ့် Kings Rich Fashion အထည်ချုပ်စက်ရုံက တခြားနိုင်ငံတွေမှာ ဖွင့်ထားတဲ့ သူတို့ရဲ့စက်ရုံခွဲတွေမှာ သွားရောက်လုပ်ကိုင်ချင်တဲ့ အလုပ်သမားတွေကို လက်ခံပေးသွားမယ်လို့ အသိပေးထားပါတယ်။
Kings Rich Fashion အထည်ချုပ်စက်ရုံဟာ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာလည်း ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံက စက်ရုံကို ဇွန်လကုန်မှာ ပိတ်သိမ်းဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။
အဲဒီစက်ရုံကို ရွှေပြည်သာမြို့နယ်မှာ ဆယ်စုနှစ်နီးပါးကြာ ဖွင့်လှစ်လည်ပတ်ခဲ့တာဖြစ်ပြီး အခြေအနေအရ ကုန်ထုတ်လုပ်မှုရပ်ဆိုင်းဖို့ စဉ်းစားဆုံးဖြတ်လိုက်တာလို့ အဲဒီစက်ရုံလုပ်ငန်းရှင်ဘက်က အသိပေးကြေညာခဲ့ပါတယ်။
အလုပ်သမားထောင်ချီ ဝင်ရောက်လုပ်ကိုင်နေတဲ့ Kings Rich Fashion အထည်ချုပ်စက်ရုံပိတ်သိမ်းရင် အလုပ်အကိုင်ဆုံးရှုံးမှုများစွာ ကြုံရဖို့ရှိနေတာပဲ ဖြစ်ပါတယ်။
စက်ရုံဘက်က အလုပ်သမားတွေအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်မယ့် အလုပ်အကိုင်အခွင့်အလမ်းတွေပေးဖို့ ရည်ရွယ်ချက်ရှိတာကြောင့် စွမ်းဆောင်ရည်ကောင်းတဲ့ဝန်ထမ်းတွေအနေနဲ့ တခြားနိုင်ငံတွေမှာဖွင့်ထားတဲ့ သူတို့စက်ရုံတွေမှာ လုပ်ကိုင်ချင်ရင် ကြိုဆိုတယ်လို့ အသိပေးထားပါတယ်။
Kings Rich Fashion စက်ရုံလုပ်သားတစ်ယောက်က “စီစဉ်ပေးမယ့် အသေးစိတ်ကိုတော့ မသိရသေးဘူး။ ကုန်ကျစရိတ်မရှိဘဲ သွားလုပ်ရမယ်ဆိုရင်တော့ စိတ်ဝင်စားကြတယ်” လို့ ပြောပါတယ်။
အဲဒီစက်ရုံက ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနိုင်ငံတွေမှာရှိတဲ့ စက်ရုံတွေမှာ လုပ်ကိုင်ဖို့ဆန္ဒရှိတဲ့ အလုပ်သမားတွေ အလုပ်ထွက်လုပ်ငန်းစဉ်လုပ်ချိန်မှာ အဆိုပြုမှတ်ပုံတင်ဖို့ ကမ်းလှမ်းထားပါတယ်။
ရာထူးလိုအပ်ချက်နဲ့ကိုက်ညီပြီး အကဲဖြတ်မှုအောင်မြင်သူတွေကို ပြည်ပအလုပ်ခန့်ထားရေးနဲ့ လိုအပ်တဲ့ အလုပ်အကိုင်ဆိုင်ရာပံ့ပိုးမှုတွေ ပေးအပ်သွားမယ်လို့ Kings Rich စက်ရုံလုပ်ငန်းရှင်ဘက်က ဆိုပါတယ်။
Kings Rich Fashion အထည်ချုပ်စက်ရုံမှာ ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်တဲ့ H&M အဝတ်အထည်ကို အော်ဒါယူချုပ်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု ဆိုးရွားစွာဖြစ်နေတယ်လို့ ဗြိတိန်အခြေစိုက်လူ့အခွင့်အရေးအဖွဲ့ရဲ့ အစီရင်ခံစာထွက်လာခဲ့ပြီးနောက် H&M က လုပ်ငန်းအပ်နှံမှု ရပ်နားမယ်လို့ ၂၀၂၃ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။
အဲဒီနောက် အထည်အော်ဒါအသစ်မချတော့လို့ လက်ကျန်အော်ဒါပြီးပြတ်သွားချိန်မှာ Kings Rich Fashion စက်ရုံလည်း ပိတ်သိမ်းဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု မြင့်တက်လာခဲ့လို့ H&M အပြင် Inditex၊ Primark၊ Marks & Spencer စတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်တွေလည်း လုပ်ငန်းအပ်နှံတာကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အခုပိတ်သိမ်းမယ့် Kings Rich Fashion အထည်ချုပ်စက်ရုံမှာ ၂၀၂၄ ခုနှစ်က လုပ်ခတိုးမြှင့်ပေးဖို့ အလုပ်သမားတွေ လုပ်ငန်းခွင်မှာ စုပေါင်းတောင်းဆိုတဲ့ဖြစ်ရပ် ရှိခဲ့သလို အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကြောင့် မကြာခဏ ပြဿနာဖြစ်လေ့ရှိတဲ့ စက်ရုံဖြစ်တယ်လို့ အဲဒီစက်ရုံအလုပ်သမားတွေဘက်က ကူညီပေးခဲ့ဖူးတဲ့ သမဂ္ဂအဖွဲ့တွေဆီက သိရပါတယ်။
