မီးပွိုင့်ပြင်ခြင်းနှင့် လူကူးမျဉ်းကြားတွေ ဆေးပြန်သုတ်နေလို့ ပညာပေးကာလသက်တမ်း ထပ်တိုး
ရန်ကုန်က မြို့တွင်းခရီးသွားပြည်သူတွေအနေနဲ့ လူကူးမျဉ်းကြားက မကူးရင် အရေးယူမယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပေမယ့် မီးပွိုင့်တွေ ပြန်ပြင်တာနဲ့ မျဉ်းကြားတွေ ဆေးပြန်သုတ်နေတာကြောင့် ပညာပေးကာလသက်တမ်း ထပ်တိုးလိုက်ရပါတယ်။
မြို့တွင်းက မီးပွိုင့်တွေ ပျက်နေတာနဲ့ မျဉ်းကြားများ ဆေးပျက်နေတာကြောင့် မီးပွိုင့်တွေ ပြန်လည်ပြုပြင်တာနဲ့ မျဉ်းကြားများ ဆေးပြန်သုတ်ရန် ပညာပေးကာလကို မေလ ၂၁ ရက်အထိ ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီက သက်တမ်းထပ်တိုးလိုက်တာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ခံတစ်ဦးက “မြို့ထဲက တချို့နေရာတွေဆို လူကူးမျဉ်းကြားတွေက ပျက်နေတော့ ရှိလို့ရှိမှန်းတောင် မသိဘူး။ မီးပွိုင့်တွေဆိုလည်း ဒီအတိုင်း မီးနီရော မီးစိမ်းရော ပြိုင်တူလင်းနေတာတွေ ရှိတယ်။ အခု မျဉ်းကြားတွေ ဆေးသုတ်၊ မီးပွိုင့်တွေ ပြန်ပြင်နေတာတော့ တွေ့တယ်” လို့ ပြောပါတယ်။
ပညာပေးကာလရက် ကျော်လွန်ပြီး မေလ ၂၁ ရက် ရောက်ပါက ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၆ အရ လူကူးမျဉ်းကြားက မကူးသူတွေဟာ ဒဏ်ငွေ ၃၀,၀၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
မေလ ၈ ရက်က စစ်ခေါင်းဆောင်ကနေ သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်က လူကူးမျဉ်းကြား၊ မြေအောက်လမ်း၊ ခုံးကျော်တံတားများ စနစ်တကျ အသုံးပြုဖို့ ရက် ၁၀၀ စီမံချက်မှာ ဆောင်ရွက်ဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂,၇၃၅ ဦးရှိပြီး အဲဒီအထဲမှာ လမ်းဖြတ်ကူးလို့ သေဆုံးသူ ၂၇ ဦးနဲ့ ဒဏ်ရာရသူ ၉၈ ယောက်ရှိတယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
