လားရှိုးမြို့မှာ ကုန်စုံဆိုင်မီးလောင်ရာကနေ ကား ၂ စီးနဲ့ ဆိုင်ကယ် ၃ စီး မီးထဲပါသွား

Author CJ Platform
Categories
Published on May 16, 2026

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ကမ္ဘောဇလမ်းမှာ မေလ ၁၅ ရက် ည ၁၁ နာရီခွဲက ကုန်စုံဆိုင်တစ်ဆိုင် မီးလောင်ခဲ့ရာ ကား ၂ စီးနဲ့ ဆိုင်ကယ် ၃ စီး မီးထဲပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

မနေ့ည ၁၁ နာရီက ကမ္ဘောဇလမ်းရှိ ဆွယ်တော်ဖြူကုန်စုံဆိုင်မှာ ဝါယာရှော့ဖြစ်၍ မီးလောင်ခဲ့တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မီးသတ်ရဲ့ စစ်ဆေးချက်အရ ဝါယာရှော့ဖြစ်ပြီး လောင်တာလို့ ပြောတာပဲ။ ကား ၂ စီးနဲ့ ဆိုင်ကယ် ၃ စီး မီးထဲပါသွားတယ်။ အမှတ် (၂) ရပ်ကွက်မှာ ဆွယ်တော်ဖြူကုန်စုံဆိုင်က ဆိုင်ကြီးဆိုတော့ မီးလောင်တဲ့အထဲ အတော်လေး ပါသွားတယ်” လို့ ပြောပါတယ်။

 

မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အဆိုပါမီးလောင်မှုကို လားရှိုးခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၄ စီးနဲ့ ၁ နာရီကျော်ကြာအောင် ဒေသခံတွေနဲ့အတူ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“တခြားအိမ်တွေ မီးကူးပြီး လောင်တာတော့ မရှိဘူး၊ ကုန်စုံဆိုင်တစ်ဆိုင်ပဲ လောင်တာ။ ဆုံးရှုံးမှုက အတော်များတယ်၊ တန်ဖိုးက တွက်ချက်နေဆဲ” လို့ ရှင်းပြပါတယ်။

 

ပြီးခဲ့တဲ့ မေလ ၁၃ ရက် ည ၈ နာရီကလည်း လားရှိုးမြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်က ကုန်စုံဆိုင်တစ်ဆိုင် မီးလောင်ခဲ့သလို မေလ ၁ ရက်နေ့ကလည်း အမှတ် (၁၀) ရပ်ကွက်မှာ မီးလောင်မှုဖြစ်ခဲ့ပြီး နေအိမ်တစ်လုံး မီးထဲပါသွားတဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

 

ဓာတ်ပုံ – MSFD