နေရွှေဝင်းစက်ရုံ အလုပ်သမားတွေကို ခြံဝင်းထဲပေးမဝင်ဘဲ လုပ်ငန်းခွင်ပြန်မဝင်ရင် အလုပ်ထွက်တယ်လို့ ယူဆမည်ဟုဆို
နေရွှေဝင်းအထည်ချုပ်စက်ရုံက ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ အလုပ်သမားတွေကို စက်ရုံခြံဝင်းအတွင်း ဝင်ရောက်ခွင့်မပြုကြောင်း စာထုတ်သတိပေးခဲ့ပြီး လုပ်ငန်းခွင်ပြန်မဝင်ရင် အလုပ်ထွက်တယ်လို့ ယူဆမှာဖြစ်ကြောင်း အသိပေးကြေညာချက် ထုတ်လာတယ်လို့ အလုပ်သမားတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
နေရွှေဝင်းစက်ရုံမှာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၁၉ ဦးထဲ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၁၀ ဦး ပါနေလို့ ကန့်ကွက်တောင်းဆိုခဲ့ကြတဲ့ အလုပ်သမား ၈၅ ဦးကို နာမည်စာရင်းနဲ့တကွ မေလ ၁၂ ရက်ကစပြီး စက်ရုံခြံဝင်းအတွင်း ဝင်ရောက်ခွင့်မပြုကြောင်း HR ဌာနက စာထုတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို စက်ရုံခြံဝင်းအတွင်း ပေးမဝင်တဲ့ အလုပ်သမားတွေကို အလုပ်ရှင်က အလုပ်ရပ်စဲထားတာမရှိဘဲ လုပ်ငန်းခွင် ပြန်ဝင်ရောက်လုပ်ကိုင်လိုတဲ့သူတွေကို ကြိုဆိုတယ်လို့ မေလ ၁၆ ရက်မှာ ပြန်ပြီး အသိပေးစာထုတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အလုပ်သမားတွေက ကိုယ့်ဆန္ဒအလျောက် လုပ်ငန်းခွင်ဆီလာရောက်ဖို့ ပျက်ကွက်တာဖြစ်ပြီး သပိတ်မှောက်တောင်းဆိုတဲ့ လုပ်ရပ်မဟုတ်ဘဲ နေအိမ်မှာ အနားယူနေတာလို့ဆိုကာ မေလ ၁၈ ရက်အထိ အခုလို ဆက်နေထိုင်မယ်ဆိုရင် အလုပ်မှ နှုတ်ထွက်တယ်လို့ ယူဆသတ်မှတ်သွားမှာဖြစ်ကြောင်း HR ဌာနက ဆိုပါတယ်။
နေရွှေဝင်းစက်ရုံ HR ဌာနအနေနဲ့ ရှေ့နောက်မညီတဲ့ ပြောစကားတွေနဲ့ သူတို့ရဲ့လုပ်ရပ်ကို ဖာထေးနေတာဖြစ်ပြီး လုပ်ငန်းခွင် ပြန်ဝင်မဝင်မှာ အလုပ်သမားအားလုံးရဲ့ ဆန္ဒအပေါ်မူတည်တယ်လို့ သမဂ္ဂအဖွဲ့ဝင် အလုပ်သမားတစ်ယောက်က ဆိုပါတယ်။
“အရင်ဆုံး အလုပ်ထုတ်ခံထားရတဲ့သူတွေ ပြန်အလုပ်လုပ်ခွင့် ပေးမလား ကြည့်ရမယ်။ အခု ညှိနှိုင်
းတဲ့အချိန်မှာ စက်ရုံဘက်က စာတွေထုတ်နေတာ” လို့ ပြောပါတယ်။
နေရွှေဝင်းအထည်ချုပ်စက်ရုံကို ရွှေပြည်သာမြို့နယ်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို ပစ်မှတ်ထားအလုပ်ထုတ်တဲ့ လုပ်ရပ်ကြောင့် သမဂ္ဂဖြိုခွဲမှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာလို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဝေဖန်နေပါတယ်။
ဓာတ်ပုံ – ရွှေပြည်သာမြို့နယ် အထည်ချုပ်သမဂ္ဂ
