ရှေ့တန်းသွားတဲ့ စစ်သည်တွေရဲ့ ဇနီးတွေကို လိင်မှုကိစ္စကျူးလွန်လို့ တပ်ရင်းမှူးနဲ့ ဗိုလ်မှူး ၂ ဦး အတိုင်ခံရ
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ အမှတ် (၄) ဝန်တင်တပ်ရင်းမှာ ရှေ့တန်းသွားတဲ့ စစ်သည်တွေရဲ့ ဇနီးတွေကို လိင်မှုကိစ္စကျူးလွန်တဲ့ တပ်ရင်းမှူးနဲ့ ဗိုလ်မှူး ၂ ဦးကို စစ်သည်တွေက တိုင်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်အုပ်စု စစ်သည်တွေ ရှေ့တန်းစစ်မြေပြင်ကို ရိက္ခာနဲ့ ခဲယမ်းတွေ ပို့ဆောင်နေချိန် နောက်တန်းမှာ ကျန်ခဲ့တဲ့ ဇနီးမယားတွေကို တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇော်လင်းအောင်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး မြတ်သူအောင်နဲ့ ဌာနခွဲမှူး ဗိုလ်မှူး ပြည့်ဖြိုးကျော်တို့ကို လိင်မှုကိစ္စကျူးလွန်တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ကျိုင်းတုံမှာ ဝန်တင်တပ်ရင်း (၄) သတင်းက မွှေးနေတာပဲ။ ကိုယ့်လက်အောက်ငယ်သားတွေ မိန်းမတောင် တပ်ရင်းမှူးက မထားဘူး၊ လိင်မှုကိစ္စကျူးလွန်တာ။ စစ်သည်တွေက မခံနိုင်လို့ တပ်ပို့တပ်က အကြီးကဲကို တိုင်ထားတယ်လို့ ကြားတယ်” လို့ ပြောပါတယ်။
တပ်ရင်းမှူးနဲ့ ဗိုလ်မှူး ၂ ဦးက စစ်သည်တွေရဲ့ ဇနီးတွေကို လိင်မှုကိစ္စကျူးလွန်ခဲ့တာကြောင့် ဒုတပ်ကြပ်အပါအဝင် စစ်သည် ၃ ဦးက မေလ ၁၂ ရက်က နေပြည်တော်မှာရှိတဲ့ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ် ညွှန်ကြားရေးမှူးထံ လက်မှတ်ရေးထိုး တိုင်ကြားခဲ့တယ်လို့ ဖြစ်စဉ်သိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အတော်အောက်တန်းကျပြီး နှာဘူးကျတဲ့ တပ်ရင်းမှူးပါ။ ကိုယ့်လက်အောက်ငယ်သား စစ်သည်တွေရဲ့ မိန်းမပါ မချန်ဘူး။ သင်္ကြန်တုန်းကလည်း တပ်ရင်းက အရာရှိအမျိုးသမီးတွေကို ဆွဲလားရမ်းလားလုပ်လို့ သူ့ကို တိုင်ထားသေးတယ်” လို့ ရှင်းပြပါတယ်။
ကျိုင်းတုံမြို့နယ်၊ အမှတ် (၄) ဝန်တင်တပ်ရင်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇော်လင်းအောင်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး မြတ်သူအောင်နဲ့ ဌာနခွဲမှူး ဗိုလ်မှူး ပြည့်ဖြိုးကျော်တို့ တိုင်ကြားခံရတဲ့ဖြစ်စဉ်မှာ မှန်ကန်ပြီး မည်သည့်ကိစ္စနဲ့ တိုင်ကြားခံရသည်ကို မသိကြောင်း အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက မှတ်ချက်ပေးပါတယ်။
ပြီးခဲ့တဲ့ အမှတ် (၄) ဝန်တင်တပ်ရင်းမှာ ပြုလုပ်တဲ့ တပ်တွင်းသင်္ကြန်မှာတော့ အမျိုးသမီးအရာရှိတွေကို အရက်ငှဲ့ခိုင်းတာ၊ စားပွဲထိုးခိုင်းတာ၊ အတူတွဲကဖို့ ဖိအားပေးတာကြောင့် အမျိုးသမီးအရာရှိကလည်း တပ်ရင်းမှူးနဲ့ ဗိုလ်မှူး ၂ ဦးကို တိုင်ကြားခဲ့တဲ့ဖြစ်စဉ်လည်း ရှိပါတယ်။
မိမိအုပ်ချုပ်တဲ့ တပ်ရင်းက အရာရှိစစ်သည်များကို သားသမီးသဖွယ် ဆက်ဆံရမယ်လို့ စစ်ခေါင်းဆောင်အသစ်က မှာထားပေမယ့် အောက်ခြေမှာ တပ်ရင်းမှူးတွေက အမျိုးသမီးအရာရှိတွေနဲ့ အိမ်ထောင်သည်ရဲမေတွေကို လိင်ကျွန်သဖွယ် ဆက်ဆံနေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – Pro-SAC
