တောင်ကိုရီးယားမှာ မြန်မာသင်္ဘောသား အချင်းချင်း ဓားထိုးမှုဖြစ်

Author CJ Platform
Categories
Published on May 16, 2026

တောင်ကိုရီးယားနိုင်ငံမှာ ဒီကနေ့ မေ ၁၆ ရက် မနက်ပိုင်းက မြန်မာသင်္ဘောသား ၂ ​ဦး စကားများရာကနေ ဓားထိုးမှုဖြစ်ခဲ့တယ်လို့ အဲဒီနိုင်ငံရောက် မြန်မာအသိုင်းအဝိုင်းဆီက သိရပါတယ်။

 

တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းဒေသကြီး အရှေ့ပင်လယ်ပြင်ထဲ ရပ်ထားတဲ့ ရေနံတင်သင်္ဘောပေါ်မှာ မြန်မာသင်္ဘောသားတွေဖြစ်တဲ့ အသက် ၄၀ အရွယ်ရှိသူက အသက် ၃၀ အရွယ်ရှိသူရဲ့ ဘယ်ဘက်ဗိုက်ကို ဓားနဲ့ ထိုးလိုက်တာလို့ ဆိုပါတယ်။

 

တောင်ကိုရီးယားရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က “ဓားထိုးခံရသူအား ၁၁၉ ကားနဲ့ နီးစပ်ရာဆေးရုံကို ပို့ပေးလိုက်ပြီး လက်ရှိအချိန်အထိ ဆေးကုသမှု ခံယူနေရပါတယ်” လို့ အသိပေးထားပါတယ်။

 

လက်ရှိမှာ အင်ချွန်းပင်လယ်ပြင်စောင့် ရဲစခန်း တာဝန်ကျရဲဝန်ထမ်းက ဓားနဲ့ ထိုးလိုက်တဲ့ ​မြန်မာသင်္ဘောသားကို စစ်ဆေးနေတယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

 

တောင်ကိုရီးယားနိုင်ငံမှာ အခုလပိုင်းအတွင်း မြန်မာသင်္ဘောသားတွေနဲ့ ပတ်သက်တဲ့ သတင်းတွေ ခပ်စိပ်စိပ် ဖြစ်ပေါ်မြင်တွေ့လာရတယ်လို့ အဲဒီနိုင်ငံရောက်ရှိ လုပ်ကိုင်နေသူတွေက ပြောပါတယ်။

 

တောင်ကိုရီးယားနိုင်ငံ၊ သင်္ဘောတစ်စီးပေါ်မှာ မေလ ၆ ရက်က အသက်ရှူမရ ဖြစ်နေတဲ့ မြန်မာသင်္ဘောသား ၂ ယောက်ကို ပင်လယ်ပြင်စောင့်ကြည့်ရေးရဲတပ်ဖွဲ့မှ ရဟတ်ယာဉ်သုံးပြီး ကူညီကယ်ဆယ်ခဲ့ရတဲ့ ဖြစ်စဉ်ရှိခဲ့သလို အဲဒီနိုင်ငံမှာပဲ ဧပြီ ၂၀ ရက်က ကမ်းခြေမှာ ဆိုက်ကပ်ထားတဲ့ ကုန်တင်သင်္ဘောတစ်စီး နစ်​မြုပ်ခဲ့​ပြီး သင်္ဘောပေါ်ရှိ​နေတဲ့ မြန်မာသင်္ဘောသား ၁ ယောက် အသက်ရှင်လွတ်မြောက်ခဲ့တာ ရှိပါတယ်။

 

ဓာတ်ပုံ – The Korea Time

 

ပုံစာ – ကိုရီးယားနိုင်ငံရှိ ဆိပ်ကမ်းတစ်ခုကို မြင်ရပုံ