နွမ်းပါးသူတွေကို ပစ်မှတ်ထားပြီး ကျောက်ကပ် အရောင်းအဝယ်လုပ်သူ ၂ ဦးကို ထောင်ဒဏ် ၇ နှစ် အမိန့်ချ

Author CJ Platform
Categories
Published on Oct 02, 2026

ပြည်ပမှာ ကျောက်ကပ်အစားထိုးကုသဖို့အတွက် ပြည်တွင်းမှာ ကျောက်ကပ်တစ်လုံးကို ငွေကျပ်သိန်း ၁၀၀ နဲ့ အရောင်းအဝယ်ပြုလုပ်ခဲ့တဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို စက်တင်ဘာ ၂၉ ရက်မှာ မင်္ဂလာဒုံခရိုင်တရားရုံးက ထောင်ဒဏ် ၇ နှစ်စီ အမိန့်ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

 

မင်္ဂလာဒုံခရိုင်တရားရုံးမှာ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက ကိုနိုင်ဝင်းအောင်နဲ့ မအိအိမွန်တို့ကို လူကုန်တားဆီးရေးဥပဒေ ပုဒ်မ ၃၆ အရ အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ်စီ အမိန့်ချမှတ်ခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကျောက်ကပ်အရောင်းအဝယ်လုပ်တဲ့သူက ၄ ယောက်။ အဲ့ထဲက ၂ ယောက်မိတယ်၊ ၂ ယောက်က ထွက်ပြေးနေတယ်။ မိတဲ့ ၂ ယောက်ကို လူကုန်တားနဲ့ အမိန့်ချလိုက်တာ” လို့ သူက ပြောပါတယ်။

 

ဖြစ်စဉ်ဟာ ဩဂုတ်လအတွင်းက မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ အာလဝီဝန်းရပ်မှာ နေထိုင်တဲ့ ဆင်းရဲနွမ်းပါးသူ အမျိုးသားတစ်ဦးထံက ကျောက်ကပ်ကို အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးက ငွေကျပ်သိန်း ၁၀၀ နဲ့ ဝယ်ယူခဲ့တာလို့ ဖြစ်စဉ်သိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“သူတို့က ငွေကြေးအခက်အခဲဖြစ်ပြီး မရှိနွမ်းပါးတဲ့သူကို ပစ်မှတ်ထားပြီး ကျောက်ကပ်အရောင်းအဝယ်လုပ်တာ။ ပတ်စပို့၊ လေယာဉ်လက်မှတ်၊ တည်းခိုစရိတ် အကုန်အကျခံပေးပြီး ကျန်ငွေ သိန်း ၁၀၀ ပေးတာ” လို့ အဲဒီဖြစ်စဉ်သိသူက ပြောပါတယ်။

 

အရောင်းအဝယ်ပြုလုပ်ပြီးနောက် ဩဂုတ် ၃၀ ရက်မှာ အိန္ဒိယနိုင်ငံကို သွားရောက်ဖို့ ရန်ကုန်လေဆိပ်ကို ရောက်ရှိချိန် ကျောက်ကပ်ရောင်းချသူ အမျိုးသားနဲ့ ဝယ်ယူသူ ၂ ဦးကို ဖမ်းဆီးခဲ့တာလို့ သူက ဆက်ပြောပါတယ်။

 

လက်ရှိမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ ကျောက်ဆည်မြို့နယ်နေ ကိုကြည်နိုင်နဲ့ မကျော်သီရိလှိုင်တို့ကို တရားရုံးက တရားခံပြေးအဖြစ် ကြေညာထားတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့လအတွင်း ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးမြို့နယ်တရားရုံးတွေမှာ လူကုန်တားဆီးရေးဥပဒေပုဒ်မတွေနဲ့ အမှုတွေကို အမိန့်ချမှတ်ခဲ့ပြီး အခုလို ကျောက်ကပ်အရောင်းအဝယ်ပြုလုပ်သူ ၂ ဦးကို လူကုန်တားဆီးရေးဥပဒေပုဒ်မနဲ့ အမိန့်ချမှတ်တာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ မင်္ဂလာဒုံခရိုင်တရားရုံးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်