မန္တလေး ပညာရေးကောလိပ်အတွင်း ငလျင်ဒဏ်သင့် အဆောက်အအုံ ဖြိုဖျက်စဉ် ပြိုကျကာ အလုပ်သမား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၆၆ လမ်း (၃၂ လမ်းနဲ့ ၃၃ လမ်းကြား) ရှိ ပညာရေးကောလိပ် (TTC) အတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးနေတဲ့ နှစ်ထပ်အဆောက်အအုံကို ဖြိုဖျက်စဉ် ပြိုကျမှုဖြစ်ပွားခဲ့ရာ ဆောက်လုပ်ရေးအလုပ်သမား အမျိုးသားတစ်ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မဏီစလ လူမှု/နာရေးကူညီရေးအသင်းဆီက သိရပါတယ်။
ပညာရေးကောလိပ်ဝင်းအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးနေတဲ့ နှစ်ထပ်အဆောက်အအုံကို အသစ်ပြန်လည်တည်ဆောက်ဖို့ ဖြိုဖျက်နေစဉ် ဒီကနေ့ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ အဆောက်အအုံ ပြိုကျခဲ့တာကြောင့် လုပ်ငန်းခွင်ဝင်နေတဲ့ ဆောက်လုပ်ရေးအလုပ်သမား အမျိုးသား ၅ ဦး ပိမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ပြိုကျမှုအတွင်း ပိမိခဲ့တဲ့ အလုပ်သမား ၅ ဦးစလုံးကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရာမှာ တစ်ဦးက ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ကျန်ရှိနေတဲ့ ဒဏ်ရာရ အလုပ်သမား အမျိုးသား ၄ ဦးဟာ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေကြောင်း သိရပါတယ်။
