စားအုန်းဆီဈေး ၂ သောင်းကျော်လာလို့ ဆီ ၅၀ သားရဖို့ ပြည်သူတွေ တန်းစီဝယ်နေရ
စားအုန်းဆီ ပြင်ပပေါက်ဈေး တစ်ပိဿာ ၂ သောင်းကျော်အထိ မြင့်တက်လာချိန်မှာ ဝယ်ယူစားသုံးဖို့ ခက်ခဲလာတဲ့ ပြည်သူတွေဟာ စစ်အုပ်စု သတ်မှတ်ဈေးနဲ့ ရောင်းချပေးတဲ့ စားအုန်းဆီ ၅၀ သားရဖို့ မြို့နယ်အလိုက် တန်းစီဝယ်ယူနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စားအုန်းဆီဈေးဟာ စက်တင်ဘာ ၂၈ ရက်ကစပြီး တစ်ပိဿာ ၁၇,၀၀၀ ကျပ်ဝန်းကျင်ကနေ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး အခုအခါ ပြင်ပဈေးကွက်မှာ တစ်ပိဿာကို ၂၀,၀၀၀ ကနေ ၂၂,၀၀၀ ကျပ်အထိ ရှိလာတယ်လို့ မြောက်ဒဂုံမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဆီဈေးက တဖြည်းဖြည်းတက်လာတာ။ အခုဆို ရပ်ကွက်ထဲမှာ တစ်ပိဿာ ၂၂,၀၀၀ ဖြစ်သွားပြီ။ ဈေးထဲမှာဆို ၂၀,၀၀၀။ အဲ့တော့ လူတွေက အစိုးရဈေးနဲ့ လာရောင်းပေးမယ့်အချိန်ကိုပဲ မျှော်ပြီး ထုတ်ရတာ” လို့ အဲဒီမြို့ခံက ပြောပါတယ်။
စားအုန်းဆီကုန်သည်အသင်းက မြို့နယ်အလိုက် ရပ်ကွက်တွေကို စားအုန်းဆီ ၅၀ သားနှုန်းနဲ့ တစ်လ ၆ ကြိမ်အထိ ရောင်းချပေးခဲ့ပေမယ့် အခုနောက်ပိုင်းမှာ တစ်လ ၄ ကြိမ်သာ ရောင်းချပေးပြီး တချို့လတွေမှာ ၂၅ ကျပ်သားသာ ရရှိတာရှိတယ်လို့ တောင်ဒဂုံမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“စားအုန်းဆီကို အရင်က ရပ်ကွက်က ဆီဆိုင်တွေမှာ တစ်ပတ် ၅၀ သားနှုန်းနဲ့ ၆ ကြိမ်ပေးတယ်။ အဲ့ကနေ ၄ ကြိမ်ဖြစ်သွားပြီ။ နောက်ပိုင်း ၂၅ ကျပ်သားပဲ ပေးတော့တယ်။ ပြီးခဲ့တဲ့ရက်ကမှ ၅၀ သား ပြန်ပေးတာ” လို့ သူက ပြောပါတယ်။
ဒါ့အပြင် မြို့နယ်အလိုက် ရပ်ကွက်တွေကို ခွဲတမ်းနဲ့ စားအုန်းဆီရောင်းချပေးရာမှာ ရရှိတဲ့ လူဦးရေကိုလည်း တဖြည်းဖြည်း လျှော့ချလာတာကြောင့် အခြေခံလူတန်းစားတွေအတွက် ပိုမိုခက်ခဲလာတယ်လို့ ကိုယ်စားလှယ်ရောင်းချသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အစပိုင်းတော့ မြို့နယ်က စားအုန်းဆီပေးတာ ပုံမှန်ပဲ။ ရပ်ကွက်တစ်ခု လူ ၄၀၀၊ ၅၀၀ ပေးတယ်။ နောက်ပိုင်း တဖြည်းဖြည်း လူလျှော့ပြီးပေးတာ။ ဒီနှစ် ရပ်ကွက်တစ်ခုကို လူ ၃၀၊ ၄၀ ပဲ ပေးတော့တယ်” လို့ သူက ဆိုပါတယ်။
စားအုန်းဆီခွဲတမ်းနဲ့ ပတ်သက်ပြီး ဆီကုမ္ပဏီတွေက တစ်လကို ၅၀ သားနှုန်းနဲ့ ၆ ကြိမ် ရောင်းချပေးရမယ့်အစား ၄ ကြိမ်သာ ရောင်းချပေးနေတယ်လို့ ဗိုလ်တထောင်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက်က လူမှုကွန်ရက်မှာ ဝေဖန်ပြောဆိုထားပါတယ်။
တဖြည်းဖြည်း မြင့်တက်လာနေတဲ့ စားအုန်းဆီဈေးကွက်ကို နိုင်ငံတော်အနေနဲ့ ထိန်းချုပ်ဖို့ လိုအပ်ကြောင်း စစ်အုပ်စု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ပြီးခဲ့တဲ့ ဩဂုတ်လမှာ ပြောဆိုထားပါတယ်။
ဓာတ်ပုံ – CJ Platform
