တိုက်ပွဲဖြစ်နေတဲ့ မင်းတပ်မြို့အရှေ့ဘက်ခြမ်းကို စစ်အုပ်စုက ဗုံးအလုံးရေ ၇၀ ကျော် ကြဲချ

Author CJ Platform
Categories
Published on Jun 17, 2026

ချင်းပြည်၊ မင်းတပ်မြို့နယ်အရှေ့ဘက်ခြမ်းကို စစ်အုပ်စုက ဒီနေ့ ဇွန်လ ၁၇ ရက်နေ့၊ မနက် ၇ နာရီဝန်းကျင်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ Y-12 လေယာဉ်တစ်စင်းနဲ့ ဗုံးအလုံးရေ ၇၀ ကျော် ကြဲချသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မကွေးတိုင်း၊ ဆောမြို့နယ်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတပ်ဖွဲ့တွေနဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မင်းတပ်မြို့နယ်အရှေ့ဘက်ခြမ်းကို အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

“Y-12 တစ်စင်းနဲ့ ၇ နာရီကနေ ၈ နာရီကျော်အထိ ၄ လုံးတွဲတွေနဲ့ ၁၇ ကြိမ်လောက် ကြဲချသွားပါတယ်။ စုစုပေါင်း ဗုံးအလုံးရေ ၇၀ ကျော်လောက်ရှိမယ်။ ထိခိုက်ပျက်စီးမှုတွေ အတော်များမယ့် အခြေအနေပါ” လို့ မင်းတပ်ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်အုပ်စုတပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် မင်းတပ်မြို့နယ်အရှေ့ဘက်ခြမ်းရှိ ဒေသခံပြည်သူအများစုဟာ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကတည်းက ဘေးလွတ်ရာကို ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

 

ဒါကြောင့် ဒီနေ့မနက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှာ ထိခိုက်ပျက်စီးမှုတွေရှိပေမယ့်၊ ဒေသတွင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက စစ်ဆေးနေတာကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်အခြေအနေကို ဒေသခံတွေအနေနဲ့ မသိရှိရသေးပါဘူး။

 

“ဒေသခံတွေက စစ်ကြောင်းထိုးကတည်းက ရွာတွေမှာ မနေတော့ဘူး။ ထွက်ပြေးနေကြလို့ ဒီနေ့မနက် ဗုံးကြဲတာလည်း ထိခိုက်မှုအခြေအနေ သေချာမသိရသေးဘူး။ ထိခိုက်မှုရှိတယ်လို့တော့ ကြားတယ်။ အခုတာဝန်ရှိသူတွေ စစ်ဆေးနေပါတယ်။ ထုတ်ပြန်မယ်ထင်ပါတယ်” လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဲဒီလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေဆီ ဆက်သွယ်မေးမြန်းထားပေမဲ့ လက်ခံဖြေကြားတာ မရှိသေးတဲ့အတွက် CJ Platform အနေနဲ့ ထိခိုက်မှုအခြေအနေကို အတည်မပြုနိုင်သေးပါဘူး။

 

အလားတူ စစ်အုပ်စုဟာ ဇွန် ၁၅ ရက်နေ့ကလည်း မင်းတပ်မြို့တွင်း တစ်နေရာကို နေပြည်တော်လေတပ်စခန်းကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း ပြုလုပ်သွားတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန် ၁ ရက်ကနေ ၁၅ ရက်အထိ နှစ်ပတ်အတွင်းမှာ စစ်အုပ်စုဟာ မင်းတပ်မြို့နယ်ကို ဂျက်ဖိုက်တာတွေ၊ Y-12 လေယာဉ်တွေ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု ၇၄ ကြိမ်ထက်မနည်း ပြုလုပ်သွားတယ်လို့ သိရပါတယ်။

 

အခုလို လေကြောင်းတိုက်ခိုက်တာဟာ စစ်အုပ်စုဟာ သူတို့လက်လွှတ်လိုက်ရတဲ့ မင်းတပ်မြို့ကို ပြန်လည်ရရှိဖို့ မြေပြင်ကနေ စစ်ကြောင်းတွေထိုးပြီး တိုက်ပွဲတွေပြင်းထန်နေသလို၊ လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်