စစ်ကိုင်း PDF ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်ကို NUG အမှတ် ၁ စစ်ဒေသက ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

Author CJ Platform
Categories
Published on Jun 17, 2026

နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) အဖွဲ့ဝင်ဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း လှုပ်ရှားနေတဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ စစ်ကိုင်း PDF ရဲ့ ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်နဲ့ ရဲဘော် ၃ ဦးတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမှတ် ၁ စစ်ဒေသက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက် ညပိုင်းက စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်၊ အင်းတော်မြို့နယ်အတွင်းမှာ စစ်ကိုင်း PDF ခေါင်းဆောင်အပါအဝင် ရဲဘော် ၄ ဦးကို အမှတ် ၁ စစ်ဒေသမှူး ဒူပအောင်ဒွဲက တွေ့ဆုံဆွေးနွေးချင်တယ်လို့ဆိုကာ ကသာခရိုင် ကွပ်ကဲရေးမှူး ဒူချွန်ဇော်ဆိုင်းက လာရောက်ခေါ်ဆောင်သွားခဲ့ပြီးနောက်၊ အခုလို ဖမ်းဆီးခံရတဲ့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 

“လောလောဆယ်တော့ အခြေအနေသိရအောင် သိရသလောက် နောက်ကနေ လိုက်နေကြတယ်” လို့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံ PDF ရဲဘော်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဆိုပါ ဖမ်းဆီးခေါ်ဆောင်မှုနဲ့ ပတ်သက်ပြီး အမှတ် ၁ စစ်ဒေသဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာခြင်း မရှိသေးသလို၊ ဘာကြောင့် ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကိုလည်း လတ်တလောမှာ တိတိကျကျ အတည်မပြုနိုင်သေးပါဘူး။

 

ဒါပေမဲ့ ဒေသခံရဲဘော်တချို့ရဲ့ အဆိုအရ ကိုစစ်ငြိမ်းနိုင် ဦးဆောင်တဲ့ စစ်ကိုင်း PDF အဖွဲ့ကို NUG ရဲ့ စစ်ဘက်ဆိုင်ရာ ကွပ်ကဲမှုစနစ် (Command and Control – COC) အောက်ကို ဝင်ရောက်ဖို့ ကမ်းလှမ်းချက်အချို့ ရှိခဲ့ပြီးနောက်ပိုင်း၊ အခုလို တွေ့ဆုံဖို့နဲ့ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ သတင်းတွေ ထွက်ပေါ်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။

 

စစ်ကိုင်း PDF ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင် အပါအဝင် ရဲဘော်တွေ ဖမ်းဆီးခံရတဲ့ နောက်ဆက်တွဲ အခြေအနေတွေကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ တုံ့ပြန်ချက်တွေကို သိရှိနိုင်ဖို့ CJ Platform က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

 

အခုနှစ်အတွင်းမှာလည်း SRA အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ခေါင်းဆောင် ကိုဇီးကွက်နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) ခေါင်းဆောင် ကိုစံတင်ထွန်းတို့ကိုလည်း NUG တပ်ဖွဲ့တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

 

 

 

Related News

Depend on news