တရုတ်အစိုးရအာဏာပိုင်များက မှားယွင်းစွာ ဖမ်းဆီးထားသည့် ဦးမင်းဇင်ကို အမြန်ဆုံးလွှတ်ပေးရန် ISP-Myanmar တောင်းဆို
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ တည်ထောင်သူနဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို တရုတ်အစိုးရအာဏာပိုင်တွေက မှားယွင်းစွာ ဖမ်းဆီးထားခြင်း (wrongful detention) အပေါ် အလွန်အမင်း စိုးရိမ်ပူပန်မိပြီး၊ ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ ISP-Myanmar က ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့မှာ တရားဝင် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
မြန်မာ့နိုင်ငံရေးကို လေ့လာသုတေသနပြုနေတဲ့ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ပြုလုပ်မယ့် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို တက်ရောက်ဖို့ သွားရောက်စဉ်၊ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က ကူမင်းလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်ပါတယ်။
အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ ပတ်သက်ပြီး ISP-Myanmar က သူတို့အဖွဲ့အစည်းဟာ လွတ်လပ်ပြီး ပါတီစွဲကင်းတဲ့၊ အစိုးရမဟုတ်တဲ့ သုတေသနအဖွဲ့အစည်း (Think Tank) တစ်ခုသာဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်း ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာစေရေး၊ ဒီမိုကရေစီကျတဲ့ ခေါင်းဆောင်မှုကို မြှင့်တင်အားပေးဖို့နဲ့ နိုင်ငံသားတွေ ပါဝင်မှု အားကောင်းလာစေဖို့အတွက်သာ ဦးတည်လုပ်ဆောင်နေခြင်းဖြစ်ကြောင်းကို ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် တရုတ်အာဏာပိုင်တွေရဲ့ အထောက်အထားမဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်မှန်သမျှကို အပြင်းအထန် ကန့်ကွက်ကာ ငြင်းပယ်ရှုတ်ချကြောင်းနဲ့၊ ခြိမ်းခြောက်ဖိအားပေးမှုတွေ မခံရဘဲ လွတ်လပ်စွာ သုတေသနပြုလေ့လာခွင့်ရရှိရေးဟာ အလွန်အရေးကြီးကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
အဖွဲ့အစည်းအနေနဲ့လည်း လွတ်လပ်တဲ့ သုတေသနအဖွဲ့အဖြစ် ဆက်လက်ရပ်တည်ပြီး အများပြည်သူအကျိုးစီးပွားအတွက် အထောက်အကူပြုတဲ့ သုတေသနအခြေပြု သုံးသပ်ချက်တွေနဲ့ ဆန်းစစ်ချက်တွေကို ဆက်လက်ထုတ်ဝေတင်ပြသွားမှာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ဇွန်လ ၁၂ ရက်နေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဦးမင်းဇင်ကို သူလျှိုလုပ်ငန်းမှာ ပါဝင်ပတ်သက်မှု၊ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေမှု သံသယတွေနဲ့ ဖမ်းဆီးထားခြင်းဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ တရုတ်အစိုးရအနေနဲ့ ဦးမင်းဇင်ကို ဖမ်းဆီးထားကြောင်း တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ကျိုးမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးချုပ်ကို အကြောင်းကြားထားပြီးဖြစ်ကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။
ဦးမင်းဇင်ဟာ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး၊ ၁၉၉၀ နှောင်းပိုင်းမှာ ဧရာဝတီသတင်းဌာနမှာ အယ်ဒီတာ၊ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ လွတ်လပ်တဲ့ အာရှအသံ (RFA) မှာ အကြီးတန်းအသံလွှင့်သတင်းထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။
သူစတင်တည်ထောင်ခဲ့တဲ့ ISP-Myanmar ဟာ ၂၀၁၆ ခုနှစ်ကစတင်ကာ မြန်မာနိုင်ငံရေးနဲ့ ပတ်သက်လို့ ခေါင်းဆောင်မှုဆိုင်ရာ ပါဝင်ဆောင်ရွက်မှု၊ ပြင်ပဆက်သွယ်ရေးအစီအစဉ်တွေ၊ ငြိမ်းချမ်းရေးနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်လေ့လာထားတဲ့ သုတေသနအစီရင်ခံစာတွေကို စဉ်ဆက်မပြတ် ထုတ်ပြန်နေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – ဦးမင်းဇင် Facebook
