အေးသာယာမြို့မှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးနှစ်ဦးကို ပြည့်တန်ဆာလုပ်ငန်းသို့ ရောင်းစားသူနှစ်ဦးကို ဖမ်းမိ
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ အေးသာယာမြို့မှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်နှစ်ဦးကို ပြည့်တန်ဆာလုပ်ငန်းသို့ ရောင်းစားခဲ့သူနှစ်ဦးကို ဇွန်လ ၁၆ ရက်နေ့က စစ်အုပ်စုလက်အောက်ခံ ရဲတွေက ဖမ်းဆီးမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဆင်းရဲနွမ်းပါးတဲ့ အသက် ၁၆ နှစ်နဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးကို KTV မှာ အလုပ်သွင်းပေးမယ်ဆိုပြီး လူကုန်ကူးသူ အမျိုးသမီးနှစ်ယောက်က ပြည့်တန်ဆာလုပ်ငန်းမှာ ရောင်းစားခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အလုပ်ရှာနေတဲ့ ကလေးမလေးနှစ်ယောက်ကို ရွှေညောင်မှာနေတဲ့ အမျိုးသမီးနှစ်ယောက်က KTV မှာ အလုပ်သွင်းပေးမယ်ဆိုပြီး ရောင်းစားသွားတာ။ ပြည့်တန်ဆာလုပ်ငန်းမှန်းသိလို့ ထွက်ပြေးမှ ရဲတွေက သိတာ” လို့ သူက ဆိုပါတယ်။
အဲဒီပြည့်တန်ဆာလုပ်ငန်းကနေ ရောင်းစားခံရတဲ့ ကလေးမလေးတစ်ဦးဟာ ဇွန်လ ၁၄ ရက်နေ့က ထွက်ပြေးလွတ်မြောက်လာပြီး၊ လမ်းမှာတွေ့တဲ့ ယာဉ်ထိန်းရဲကို အကူအညီတောင်းခံခဲ့တာကြောင့် နောက်တစ်ယောက်ကိုပါ ပြန်လည်ခေါ်ယူနိုင်ခဲ့တယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
စစ်အုပ်စုလက်အောက်ခံ ရဲတွေက ရောင်းစားခဲ့သူနှစ်ဦးအနက် မဆိုဖီယာကို ရွှေညောင်မြို့နယ်မှာ ဖမ်းမိခဲ့ပြီး၊ မမိုးစက်ကိုတော့ အေးသာယာမြို့မှာ ဇွန်လ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေက ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်တစ်ခုက CJ Platform ကို ပြောပါတယ်။
“ရောင်းစားတဲ့သူ နှစ်ယောက်စလုံးကို ဖမ်းမိသွားပြီ။ သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွေက လူကုန်တားဥပဒေနဲ့ အမှုဖွင့်ထားတယ်။ ကလေးမလေးတွေကိုတော့ မိဘအုပ်ထိန်းသူတွေဆီ ပြန်လည်အပ်နှံပေးလိုက်တယ်” လို့ ရှင်းပြပါတယ်။
လတ်တလောမှာ ရွှေညောင်မြို့နယ်ရဲစခန်းနဲ့ အေးသာယာမြို့နယ်ရဲစခန်းတို့က မဆိုဖီယာနဲ့ မမိုးစက်တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
