ဖလမ်းမြို့နယ်မှာ ပညာသင်ကြားခွင့် ဆုံးရှုံးတဲ့ ကလေးငယ် ၃,၀၀၀ ကျော်အတွက် အဆင့်သတ်မှတ်စာမေးပွဲ စတင်ကျင်းပ

Author CJ Platform
Categories
Published on Jun 17, 2026

ချင်းပြည်၊ ဖလမ်းမြို့နယ်အတွင်း ပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ ကျောင်းသားတွေအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အဆင့်သတ်မှတ်စာမေးပွဲ (Placement Test) ကို စာစစ်ဌာန ၈ ခုမှာ ဇွန်လ ၁၅ ရက်နေ့ကစတင်ပြီး ကျင်းပပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အဲဒီစာမေးပွဲကို မြို့နယ်ပညာရေးဌာနက စီစဉ်တာဖြစ်ပြီး၊ ပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ ကလေးငယ် ၃,၀၀၀ ဝန်းကျင်ရဲ့ ပညာအရည်အချင်းကို အကဲဖြတ်ကာ သင့်လျော်တဲ့ အတန်းအဆင့်တွေမှာ ပြန်လည်ဝင်ရောက် သင်ကြားနိုင်စေဖို့ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။

 

“ဒေသခံတွေက ဒီအစီအစဉ်ကို သဘောကျ ကြိုဆိုကြပါတယ်။ ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေကြောင့် ပညာသင်ကြားမှု ရပ်တန့်သွားခဲ့ရတဲ့ ကလေးငယ်တွေအတွက် အဆင့်ပြန်လည်သတ်မှတ်ပြီး ပညာရေးစနစ်အတွင်း ပြန်လည်ဝင်ရောက်နိုင်မယ့် အခွင့်အရေးတစ်ခုအဖြစ် မြင်ပါတယ်” လို့ ကျောင်းသားမိဘတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စာမေးပွဲဖြေဆိုသူတွေ သွားလာရေး အဆင်ပြေစေဖို့အတွက် မြို့နယ်အတွင်း စာစစ်ဌာန ၈ ခု သတ်မှတ်ထားပြီး၊ ဖလမ်းမြို့ရှိ အထက်တန်းကျောင်းတွေနဲ့ လုမ်ဘန်း၊ ဗားလုံ၊ ဆွောင်းဒို၊ ခေါပွါလ်၊ ဇောင်းသဲ၊ လုမ်သဲနဲ့ ဝေဘူလ စတဲ့ စာစစ်ဌာနတွေမှာ ကျင်းပလျက်ရှိတာ ဖြစ်ပါတယ်။

 

လူစုလူဝေး မဖြစ်စေဖို့အတွက် Grade 1 ကနေ Grade 3 အထိကို ဇွန်လ ၁၅ ရက်၊ Grade 4 နဲ့ Grade 5 ကို ဇွန်လ ၁၉ ရက်၊ Grade 6 ကနေ Grade 9 အထိကိုတော့ ဇွန်လ ၂၀ ရက်နေ့တွေမှာ အတန်းအလိုက် ရက်ခွဲခြားပြီး စာမေးပွဲဖြေဆိုစေမှာ ဖြစ်ပါတယ်။

 

စာမေးပွဲရလဒ်တွေကို ရက်ပိုင်းအတွင်း ထုတ်ပြန်ပေးမှာဖြစ်ပြီး၊ အောင်မြင်သူတွေကို သက်ဆိုင်ရာကျောင်းတွေမှာ ကျောင်းအပ်နှံခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။

 

“စာမေးပွဲရလဒ်တွေကို ရက်ပိုင်းအတွင်း ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ အောင်စာရင်းထွက်လာတဲ့အခါ အောင်မြင်သူတွေအနေနဲ့ သက်ဆိုင်ရာကျောင်းတွေမှာ သတ်မှတ်ရက်အတိုင်း ကျောင်းအပ်နှံနိုင်ဖို့ အဆင်သင့်ပြင်ဆင်ထားကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ကျောင်းဆရာမတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ကျောင်းအပ်နှံခွင့်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း သက်ဆိုင်ရာကျောင်းတွေမှာ အသိပေးကြေညာသွားမှာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်နဲ့ ပညာရေးအထောက်အကူပြုပစ္စည်းတွေကိုလည်း ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ မြို့နယ်ပညာရေးဌာနကနေ သိရပါတယ်။

 

ကျောင်းသားမိဘတွေအနေနဲ့ စာမေးပွဲရလဒ်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ စာစစ်ဌာနတွေ၊ ကျောင်းအုပ်ကြီးတွေထံ ဆက်သွယ်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ

CJ 005