ဝက်လက်မြို့နယ် ရင်းတောရွာ ဘုန်းကြီးကျောင်းအနီ အမည်မသိ အမျိုးသားဦးခေါင်းပြတ်တစ်ခု တွေ့ရှိ

Author CJ Platform
Categories
Published on Jun 17, 2026

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းက ရင်းတောကျေးရွာအနီးမှာ အမည်နဲ့ ဇာတိမသိရသေးတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းမပါတဲ့ ဦးခေါင်းပြတ်တစ်ခုကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အဲဒီ အမျိုးသားဦးခေါင်းပြတ်ကို ဝက်လက်မြို့နယ်၊ ရင်းတောကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအနီးက လက်ပံပင်အောက်မှာ ဒီကနေ့ ဇွန်လ ၁၇ ရက် မနက်ပိုင်းက တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဦးခေါင်းပြတ်ကို ဝက်လက်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က လာရောက်စစ်ဆေးကြည့်ရှုပြီး၊ ရင်းတောကျေးရွာ သုသာန်မှာ မြှုပ်နှံပေးခဲ့တယ်လို့ ဝက်လက်မြို့နယ် ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လက်ရှိမှာ အဆိုပါ ဦးခေါင်းပြတ်ပိုင်ရှင်ရဲ့ အမည်၊ ဇာတိနဲ့ မည်သည့်အတွက်ကြောင့် အခုလို အသတ်ခံရသည်ကို အတည်မပြုနိုင်သေးပေမယ့်၊ အဆိုပါလမ်းကြောဟာ မန္တလေး – ရွှေဘို – မြစ်ကြီးနား ကားလမ်းမကြောဖြစ်တာကြောင့် မကြာခဏ ဖမ်းဆီးမှုတွေ ရှိတတ်ကြောင်း ဒေသခံတွေရဲ့ အဆိုအရ သိရပါတယ်။

 

“အလောင်းရဲ့ ရင်းမြစ်က အရှေ့ခြမ်းကလည်း မဟုတ်ဘူး၊ ဒီဘက်နားကလည်း မဟုတ်ဘူးလို့ ကြားရတယ်။ ကားလမ်းကြောဆိုတော့ ဖမ်းတာဆီးတာတွေကတော့ ခဏခဏ များတယ်။ ဖမ်းလာတဲ့လူကို စစ်ဆေးပြီးတော့မှ မသတ်မဖြစ် သတ်သွားတဲ့ ပုံစံမျိုးနဲ့ တူပါတယ်။ ဘယ်ဘက်က အဖွဲ့က သတ်တာလဲတော့ မသိဘူး” လို့ အသက် ၄၅ နှစ်ခန့်ရှိ အခြားဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကို သုံးသပ်ပြောဆိုပါတယ်။

 

အဲဒီ အမျိုးသားတစ်ဦးရဲ့ သေဆုံးမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့အတွက်ကိုတော့ CJ Platform အနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – ပေးပို့