ဝက်လက်မှာ မြို့ပေါ်ကျောင်းထားတဲ့ ကလေးတွေကို ပြန်မခေါ်ရင် ဒလန်စာရင်းသွင်းမယ်လို့ ခြိမ်းခြောက်

Author CJ Platform
Categories
Published on Jun 24, 2026

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ စစ်အုပ်စုရဲ့ ဆက်တိုက်စစ်ကြောင်းထိုးမှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံမိဘတွေဟာ သားသမီးတွေရဲ့ ပညာရေးအတွက် မြို့ပေါ်ရှိ ဘုန်းတော်ကြီးသင်ပညာရေး (ဘက) ကျောင်းတွေဆီ ပို့ဆောင်ထားရတာကို ရွှေဘိုခရိုင် အမှတ် (၂) တပ်ရင်းက ပြန်လည်ခေါ်ယူခိုင်းနေပြီး၊ ပြန်မခေါ်ပါက ဒလန်စာရင်းသွင်းမယ်ဟုဆိုကာ ကျောင်းသားစာရင်းကောက်ခံမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ကုန်ပိုင်းက ဧရာဝတီမြစ် အရှေ့ဘက်ကမ်းဖြစ်တဲ့ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တွေကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ပြီးနောက်၊ မြစ်အနောက်ဘက် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း မြစ်ရိုးတစ်လျှောက်ကို အလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာတွေ ဆက်တိုက်ရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်အုပ်စုတပ်တွေအကြား တိုက်ပွဲတွေလည်း ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။

 

“ဝက်လက်အရှေ့ခြမ်းကို စစ်ကြောင်းထိုးတာ ၆ လလောက် ရှိသွားပြီပေါ့။ ဝက်လက်အရှေ့ခြမ်းက အဲဒီလို စစ်ကြောင်းထိုးတော့ ကျောင်းတွေက သူတို့ရွာတွေမှာ ကောင်းကောင်းဖွင့်လို့မရဘူး” လို့ ဝက်လက်မြို့နယ်အရှေ့ခြမ်းက စစ်ဘေးရှောင်နေရတဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်အုပ်စုက စစ်ကြောင်းထိုးမှုတွေအပြင် ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ဆောင်ခဲ့တာကြောင့်၊ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလလယ်ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကလေးငယ်၊ အမျိုးသမီးနဲ့ ရဟန်းသံဃာ စုစုပေါင်း လူ ၃၀ ခန့် သေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ဒေသတွင်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

 

အဲဒီလို လေကြောင်းအန္တရာယ်နဲ့ စစ်ဘေးဒဏ်တွေကြောင့် ဝက်လက်အရှေ့ခြမ်းရှိ ကျေးရွာအများစုမှာ စာသင်ကျောင်းတွေ ကောင်းစွာဖွင့်လှစ်နိုင်ခြင်း မရှိတဲ့အပြင်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျောင်းတွေမှာလည်း လေကြောင်းရန်ကြောင့် အချိန်ပိုင်းသာ သင်ကြားနေရတာကြောင့် တတ်နိုင်တဲ့ စစ်ဘေးရှောင်မိဘတွေဟာ သားသမီးတွေကို မန္တလေးနဲ့ စစ်ကိုင်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးသင်ပညာရေး (ဘက) ကျောင်းတွေကို ပို့ဆောင်ကာ ကိုရင်ဝတ်ပြီး ပညာသင်ကြားစေခဲ့ကြတာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ အဆိုအရ သိရပါတယ်။

 

ဝက်လက်မြို့နယ်အရှေ့ခြမ်းက ကျောင်းသားမိဘတွေနဲ့ နီးစပ်သူတစ်ဦးက “စစ်ရှောင်တဲ့ရွာတွေက တတ်နိုင်တဲ့သူတွေက မြို့ပေါ်သွားထားကြတာပေါ့။ မိန်းကလေးလည်း ပါသင့်သလောက်တော့ ပါမှာပေါ့။ အဲဒါကို ကျွန်တော်တို့ ဝက်လက်မြို့နယ် ရွှေဘိုခရိုင် အမှတ် ၂ တပ်ရင်း၊ ခရိုင်ကွပ်ကဲမှုအောက်က တပ်ရင်း (၂) က စာရင်းကောက်တာ။ ရပ်ကျေး ပကဖတွေကို စာရင်းကောက်ပြီးတော့ ပြန်ခေါ်ခိုင်းတာ။ ပြန်ခေါ်ပြီးတော့ အစည်းအဝေးလုပ်မယ်၊ မခေါ်ရင် ဒလန်စာရင်းသွင်းမယ်လို့ ပြောတယ်” လို့ CJ Platform ကို ပြောပြပါတယ်။

 

လက်ရှိမှာ ဇွန်လ တတိယအပတ်အတွင်းကစလို့ ရွှေဘိုခရိုင် အမှတ် (၂) တပ်ရင်းမှူးက ငါးပန်ချောင်းကျေးရွာ ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့) နဲ့ ဆည်တောကျေးရွာ ပကဖတွေကို စစ်အုပ်စုထိန်းချုပ်ရာ မြို့ပေါ်ကျောင်းတွေမှာ ပို့ထားတဲ့ ကျောင်းသားစာရင်းတွေကို ကောက်ခံခိုင်းထားတယ်လို့ သိရပါတယ်။

 

အဆိုပါ အသက် ၄၅ နှစ်ခန့်ရှိသူ အမျိုးသားတစ်ဦးက “လောလောဆယ် ရွှေဘိုခရိုင် တပ်ရင်း နှစ် တပ်ရင်းမှူးက ကောက်ခိုင်းနေတာ။ ရပ်ကျေး ပကဖ၊ ပအဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) တွေကလည်း မူနဲ့ဘောင်နဲ့ပြောရင် စာမဖတ်ပေမဖတ်တွေ ဖြစ်နေတော့ သူတို့ခိုင်းတာ လိုက်လုပ်နေသလို ဖြစ်နေတယ်။ ပြည်သူတွေနဲ့ ကျောင်းသားမိဘတွေကတော့ အရာရာကြားကနေ ကြောက်နေရတာပေါ့ဗျာ” လို့ ဒေသတွင်း ကြုံတွေ့နေရတဲ့ အခြေအနေကို CJ Platform ကို ပြောပါတယ်။

 

လက်ရှိမှာ ဝက်လက်မြို့နယ်အရှေ့ခြမ်းက ဒေသခံ ပြည်သူကျောင်းသားမိဘတွေဟာ စစ်အုပ်စုရဲ့ စစ်ကြောင်းထိုး လေကြောင်းရန်အပြင်၊ ဒေသတွင်း တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့အချို့ရဲ့ ဖိအားပေးမှုတွေကြားမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်အဖွဲ့အစည်းတွေနဲ့ ရွှေဘိုခရိုင် တပ်ရင်း (၂) ကို ဆက်သွယ်မေးမြန်းနိုင်ဖို့ CJ Platform က ဆက်လက်ကြိုးစားနေဆဲ ဖြစ်ပါတယ်။

 

ဝက်လက်မြို့နယ်အတွင်း စစ်အုပ်စုက မကြာခဏ စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်လေ့ရှိပြီး၊ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နဲ့ ၁၇ ရက်အတွင်းမှာလည်း စစ်အုပ်စုရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဝက်လက်မြို့နယ်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံ ၅ ဦး သေဆုံးခဲ့ရပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

 

ပုံစာ – ဝက်လက်မြို့ပေါ်ရှိ စာသင်ကျောင်းတစ်ခုကို မြင်ရပုံ (ပုံဟောင်း)