ဝက်လက်မြို့နယ် တောင်ခြမ်းကျေးရွာတွေကို စစ်အုပ်စုက တိုက်ပွဲမရှိဘဲ အသေခံဒရုန်းတွေနဲ့ ဗုံးကြဲလို့  အမျိုးသမီးတစ်ဦးသေဆုံး

Author CJ Platform
Categories
Published on Jun 17, 2026

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်အုပ်စုက လေကြောင်းကနေ အသေခံဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ Wetlet Information Network ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

မနေ့က ဇွန်လ ၁၆ ရက် နေ့လယ် ၂ နာရီခန့်က စစ်အုပ်စုရဲ့ ရွှေဘိုမြို့အခြေစိုက် လေ့ကျင့်ရေး ၈ တပ်ကနေ အသေခံဒရုန်း ၅ စင်းနဲ့ ဝက်လက်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

 

“လောလောဆယ် နေ့လယ်စောင်း ၂ နာရီလောက်မှာ ဝက်လူးအိုင်ကို တစ်လုံးကျတယ်။ ကျန်တာတွေက သာလိုင်းကျေးရွာအုပ်စု နတ်ကုန်းရွာသစ်ပေါ့။ ပထမဆုံးအလုံးချတာ ပဲမှော်စင် မီးလောင်သွားတယ်။ တစ်ခါတည်း ဝိုင်းငြိမ်းလိုက်လို့ ငြိမ်းသွားတယ်။ ပြီးတော့ အဲဒီအရှေ့ဘက်က ဘုန်းကြီးကျောင်းနား ကျတယ် သုံးလုံးဗျ။ ဘယ်ရွာတွေက ဘယ်လောက် ထပ်ပြီး ဒဏ်ရာရတယ်ဆိုတာတော့ မသိရသေးဘူး” လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဲဒီ အသေခံဒရုန်းတွေအနက် ၂ စင်းဟာ ဝက်လက်မြို့နယ် တောင်ဘက်ခြမ်းက ဝက်လူးအိုင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်အတွင်းမှာ ရှိနေတဲ့ အသက် ၅၅ နှစ်အရွယ် မိခင်ဖြစ်သူ ဒေါ်ဘုတ်ဆုံမှာ နေရာမှာတင် သေဆုံးခဲ့ရပြီး၊ သားဖြစ်သူ ကိုသားပြည့် (အသက် ၂၄ နှစ်) နဲ့ သမီးဖြစ်သူ မချောချော (အသက် ၁၈ နှစ်) တို့မှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တစ်ခုဖြစ်တဲ့ Wetlet Information Network က ဖော်ပြပါတယ်။

 

ကျန်ရှိနေတဲ့ အသေခံဒရုန်း ၃ စင်းမှာ သာလိုင်းကျေးရွာအုပ်စု၊ နတ်ကုန်းရွာသစ်ကျေးရွာတွေအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။ အဲဒီလို ကျရောက်ပေါက်ကွဲမှုကြောင့် သာလိုင်းရွာသစ်ရွာရှိ ပဲမှော်စင်နဲ့ နွားစာတဲ တစ်လုံး မီးလောင်ပျက်စီးခဲ့တဲ့အပြင် ဘုန်းတော်ကြီးကျောင်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တာကြောင့် အခြားထိခိုက်ဒဏ်ရာရရှိမှု အခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

 

စစ်အုပ်စုက အသေခံဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ ကျေးရွာတွေဟာ တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုက ဒေသခံကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

 

ဝက်လက်မြို့နယ်အတွင်း စစ်အုပ်စုက လေကြောင်းသုံးတိုက်ခိုက်မှုတွေ ပြင်းထန်နေပြီး၊ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့ကလည်း နဘဲပင်လှရွာ ဘုန်းတော်ကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တစ်ပါးအပြင် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – Wetlet Information Network