စစ်ကိုင်းမှာ စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးမှုနဲ့ အစစ်အဆေးကြမ်းနေပြီး အုပ်ချုပ်ရေးမှူးဟောင်းတချို့ ပြန်လည်လှုပ်ရှားလာ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ လမ်းသွားလမ်းလာပြည်သူတွေကို မှတ်ပုံတင်နဲ့ လိုင်စင်တွေအပါအဝင် အဘက်ဘက်ကနေ တင်းကျပ်စွာ စစ်ဆေးမှုတွေ လုပ်ဆောင်နေသလို အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေဆီက စုံစမ်းသိရှိရပါတယ်။
မနေ့က မေလ ၂၇ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်က စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်အတွင်းကို စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက အိမ်စီးကား ၂ စီး၊ Light Truck ကား ၁ စီးတို့နဲ့ ဝင်ရောက်လာပြီး ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး ရွှေမင်းဝံဈေးအနီးက လုပ်ငန်းခွင်တစ်ခုမှာ ပန်းရံလုပ်ကိုင်နေတဲ့ လူငယ် ၁ ဦးကို အဓမ္မ ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
“အကုန်ပတ်နေလို့ မြို့ခြောက်ကြီး ဖြစ်နေတယ်။ အပြင်ထွက်ရင်ကို မှတ်ပုံတင်တွေရော စစ်တယ်။ အစစ်အဆေးကတော့ ကြမ်းနေတယ်” လို့ ၂၃ နှစ်အရွယ် မြို့ခံကျောင်းသား ၁ ဦးက CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတိပေးချက်တွေကြောင့် အနားယူနှုတ်ထွက်စာတင်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဟန်ရှိန်ဆိုသူဟာ လက်ရှိအချိန်မှာ ပြန်လည်လှုပ်ရှားလာပြီး စစ်အုပ်စုလက်အောက်မှာ ရပ်ရေးရွာရေး အကြောင်းပြကာ လုပ်ငန်းတွေကို စတင်လုပ်ကိုင်နေတယ်လို့လည်း သိရပါတယ်။
“အုပ်ချုပ်ရေးမှူးဟောင်း ဟန်ရှိန်က အရင်က သေမှာကြောက်လို့ လက်မှတ်ထိုးပြီး နားခဲ့တာ။ အခု လက်ရှိအုပ်ချုပ်ရေးမှူး မြင့်ဇော်က အလုပ်မလုပ်တတ်တော့ အဟောင်းက ပြန်ဝင်ပါလာတာ။ သက်ပုံ နယ်မြေဆင်းတုန်းကလည်း သူနဲ့အတူတူ ပုံတွေထွက်လာသေးတယ်။ သက်ပုံလာတိုင်း အဲဒီအုပ်ချုပ်ရေးမှူးဟောင်းက ထိပ်ဆုံးက ပါနေတယ်” လို့ အခြား အသက် ၃၅ နှစ်ခန့် စစ်ကိုင်းမြို့ခံ အမျိုးသား ၁ ဦးက CJ Platform ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၄ ရက်ကလည်း အဲဒီအုပ်ချုပ်ရေးမှူးဟောင်းဟာ တကောင်းရပ်ကွက်အတွင်းက စစ်မှုထမ်းသက်တမ်း ပြီးမြောက်ပြီး ပြန်လာတဲ့ စစ်အုပ်စုရဲ့ ပြည်သူ့စစ်မှုထမ်း အိမ်ပြန်ခရီး ကြိုဆိုပွဲကို ဦးဆောင်ပြုလုပ်ခဲ့သေးတယ်လို့ စစ်ကိုင်းမြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဒါ့အပြင် လက်ရှိမှာ စစ်ကိုင်းမြို့ပေါ်က ရပ်ကွက်တွေနဲ့ လမ်းဆုံလမ်းခွတွေမှာ စစ်အုပ်စုက အပြင်းအထန် စစ်ဆေးနေပြီး လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေတာကြောင့် ဒေသခံပြည်သူတွေနဲ့ လူငယ်တွေအနေနဲ့ သွားလာလှုပ်ရှားရာမှာ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
