မူဆယ်မှာ တရုတ်နိုင်ငံသားတွေအပါအဝင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ ၂၈ ဦးကို ဖမ်းမိ
ရှမ်းပြည် (မြောက်ပိုင်း)၊ မူဆယ်မြို့ပေါ်မှာ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်လုပ်ကိုင်နေတဲ့ တရားမဝင် တရုတ်နိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသား ၂၈ ဦးကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အုပ်စုက ဒီကနေ့ မေလ ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မနေ့ မေလ ၂၈ ရက် ညနေ ၃ နာရီခွဲဝန်းကျင်မှာ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်က နေအိမ် ၁ လုံးကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦးနဲ့အတူ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂၀ ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။
အဲဒီလို ဖမ်းဆီးရာမှာ အွန်လိုင်းလိမ်လည်မှု ကျူးလွန်ရာမှာ အသုံးပြုနေတဲ့ ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ ဖုန်းမျိုးစုံ ၉၆ လုံး၊ All In One ကွန်ပျူတာ ၃၅ လုံး၊ Laptop ၁ လုံး၊ WiFi စက် ၃ လုံး၊ Power Station အကြီး/အသေး ၂ လုံး၊ ဘက်ထရီဆိုင်ကယ် ၅ စီးကို သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။
စစ်အုပ်စုဟာ မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုတွေကို အခြေမပြုနိုင်ရေးအတွက် ဒေသအသီးသီးမှာ ပူးပေါင်းအဖွဲ့တွေနဲ့ ရှာဖွေစစ်ဆေးနေပြီး ဖမ်းဆီးရမိတဲ့ ပြည်ပနိုင်ငံသားတွေနဲ့ ပြစ်မှုကျူးလွန်သူတွေကို တည်ဆဲဥပဒေတွေအတိုင်း အရေးယူကာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ စစ်အုပ်စုနဲ့ ပူးပေါင်းနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားရာ နယ်မြေတွေမှာ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ဆောင်နေသူတွေ ပိုမို အခြေစိုက်လာနေတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
ဓာတ်ပုံ – Pro-SAC
