ပညာရေးကုန်ကျစရိတ်ကြောင့် အကြွေးတင်ခံ ကျောင်းထားနေရတဲ့ ရခိုင်ဒေသ မိသားစုများ

Author CJ Platform
Categories
Published on Oct 08, 2026

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်က မြို့နယ်တွေမှာ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ထားပေမယ့် ကျောင်းစရိတ်၊ စာအုပ်၊ ကျူရှင်နဲ့ နေ့စဉ်စားဝတ်နေရေးကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် အခြေခံလူတန်းစား မိသားစုတချို့ဟာ သားသမီးတွေ ပညာရေးမပြတ်စေဖို့ အတိုးနဲ့ငွေချေးပြီး ကျောင်းထားနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

 

စစ်ပွဲတွေနဲ့ စီးပွားရေးကျဆင်းမှုတွေကြား ကလေးတွေ ပညာသင်ကြားခွင့် မဆုံးရှုံးစေဖို့ ရက္ခိုင်အမျိုးသားအုပ်ချုပ်ရေး (ULA) က စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ပေးထားသလို ကျောင်းဝတ်စုံ သတ်မှတ်ချက်တွေကိုလည်း ဖြေလျှော့ပေးထားပါတယ်။

 

လက်ရှိမှာ AA ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်မြို့အပါအဝင် မြို့နယ် ၁၄ မြို့နယ်က စာသင်ကျောင်းတွေမှာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃ သိန်းကျော်ရှိတယ်လို့ အာရက္ခပညာရေးဌာန တာဝန်ရှိသူတွေထံက သိရပါတယ်။

 

ဒါပေမဲ့ စစ်အုပ်စုရဲ့ လမ်းကြောင်းပိတ်ဆို့မှုနဲ့ ကုန်စည်စီးဆင်းမှု အခက်အခဲတွေကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်နေသလို အလုပ်အကိုင်ရှားပါးလာတာကလည်း မိသားစုတွေရဲ့ ပညာရေးအသုံးစရိတ်ကို ပိုမိုခက်ခဲစေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ULA ပညာရေးယန္တရားဘက်က အခုကျောင်းဖွင့်ရာသီ ဇူလိုင်ကစပြီး ဆရာ၊ ဆရာမတွေရဲ့ လစာကို မူလတန်းပြတစ်ဦး ကျပ် ၁၉၀,၀၀၀၊ အလယ်တန်းပြ ကျပ် ၁၉၅,၀၀၀ နဲ့ အထက်တန်းပြ ကျပ် ၂၀၀,၀၀၀ သတ်မှတ်ထားပါတယ်။

 

ကျောင်းအုပ်ချုပ်ရေးနဲ့ လည်ပတ်ရေးအတွက် ကျောင်းသားတွေဆီက ကောက်ခံတဲ့ ကျောင်းကြီးခကိုလည်း မြို့နယ်အလိုက် ပြန်လည်ခွဲဝေပေးဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

 

လက်ရှိမှာ ကျောင်းကြီးခအဖြစ် အထက်တန်း တစ်ဦးကို ကျပ် ၃၀,၀၀၀၊ အလယ်တန်း ကျပ် ၂၀,၀၀၀ နဲ့ မူလတန်း ကျပ် ၁၀,၀၀၀ အထိ ကောက်ခံနေတယ်လို့ မိဘတွေထံက သိရပါတယ်။

 

ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံ စတဲ့ မြို့နယ်တွေမှာ မူဝါဒအကောင်အထည်ဖော်မှုနဲ့ ကျောင်းလည်ပတ်ရေးအခြေအနေတွေ တစ်မြို့နယ်နဲ့တစ်မြို့နယ် မတူညီဘူးလို့ ဒေသခံတွေက ပြောပါတယ်။

 

ဘူးသီးတောင်မြို့နယ်က ကျောင်းဆရာတစ်ဦးက “အုပ်ချုပ်ရေးဘက်က လစာသတ်မှတ်ပေးတာရှိပေမဲ့ မြေပြင်မှာက တစ်မြို့နယ်နဲ့တစ်မြို့နယ် မတူဘူး။ အခုကုန်ဈေးနှုန်းနဲ့ဆို ဆရာ၊ ဆရာမတွေမှာလည်း ဒီလစာနဲ့ စားဝတ်နေရေးက အဆင်မပြေကြဘူး” လို့ ပြောပါတယ်။

 

ကျောင်းသားအရေအတွက် မတူညီတာကြောင့် ကျောင်းလည်ပတ်ရေးနဲ့ ရန်ပုံငွေသုံးစွဲမှုတွေမှာ မြို့နယ်အလိုက် ကွာခြားမှုတွေ ရှိနေတယ်လို့ အာရက္ခပညာရေးဌာန တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။

 

အချို့ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေရဲ့ လစာနဲ့ စားဝတ်နေရေးအခက်အခဲတွေကြောင့် ကျူရှင်နဲ့ ညကျောင်းတွေကို မှီခိုမှု ပိုများလာတယ်လို့ မိဘတွေက ဆိုပါတယ်။

 

အချို့စာသင်ကျောင်းတွေမှာ ပုံမှန်ကျောင်းချိန်အတွင်း သင်ရိုးစာသင်ကြားမှုနဲ့ ကျူရှင်သင်ကြားမှုတွေ ရောနှောနေတဲ့အတွက် ကျူရှင်မတက်ရင် ပုံမှန်စာသင်ကြားမှုကို လိုက်နိုင်ဖို့ ခက်ခဲတဲ့အခြေအနေတွေလည်း ရှိတယ်လို့ သိရပါတယ်။

 

ဒါကြောင့် မိဘတွေဟာ ကျောင်းကြီးခအပြင် လစဉ်ကျူရှင်စရိတ်ကိုပါ ထပ်မံပေးဆောင်နေရပါတယ်။

 

အထက်တန်းမှာ တစ်ဘာသာကို ကျပ် ၇,၀၀၀ ခန့်နဲ့ ဘာသာစုံအတွက် ကျပ် ၃၅,၀၀၀ ခန့်၊ အလယ်တန်းမှာ ကျပ် ၃၀,၀၀၀ ခန့်နဲ့ မူလတန်းမှာ ဘာသာစုံအတွက် ကျပ် ၂၀,၀၀၀ ခန့်အထိ ကျူရှင်စရိတ် ကုန်ကျနေတယ်လို့ မိဘတွေထံက သိရပါတယ်။

 

ကျောင်းစရိတ်နဲ့ ကျူရှင်စရိတ်အပြင် ကျောင်းသုံးသင်ရိုးစာအုပ်တွေ ဝယ်ယူရတဲ့ကုန်ကျစရိတ်ကလည်း မိသားစုတွေအတွက် အဓိကဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာပါတယ်။

 

ယခင်က အခမဲ့ရရှိခဲ့တဲ့ ကျောင်းသုံးသင်ရိုးစာအုပ်တွေဟာ လက်ရှိမှာ ဝယ်ယူရခက်ခဲလာပြီး အထက်တန်းသင်ရိုးစာအုပ် တစ်စုံကို ကျပ် ၁၂၀,၀၀၀ ခန့်၊ အလယ်တန်းမှာ ကျပ် ၇၀,၀၀၀ ကနေ ၈၀,၀၀၀ ခန့်နဲ့ မူလတန်းမှာ ကျပ် ၄၅,၀၀၀ ခန့်အထိ ပေးဝယ်နေရတယ်လို့ မိဘတွေက ပြောပါတယ်။

 

စာအုပ်ဖိုးနဲ့ ဗလာစာအုပ်ဖိုးတောင် မတတ်နိုင်တဲ့ မိသားစုတွေ ရှိနေပြီး ကလေးတချို့ဟာ စာအုပ်တစ်အုပ်ကို အချင်းချင်း မျှဝေသုံးနေရတယ်လို့ သိရပါတယ်။

 

ဘူးသီးတောင်မြို့နယ်က ကျောင်းသားမိဘတစ်ဦးက “ကျောင်းသုံးစာအုပ် မဝယ်ပေးနိုင်တော့ ကလေးတွေ ကျောင်းမှာ အချင်းချင်း ကပ်ကြည့်ရတယ်။ သားသမီးတွေ ကျောင်းမှာ မျက်နှာငယ်ရတာပေါ့။ စာအုပ်ဖိုးတင်မကဘူး၊ ဗလာစာအုပ်ဖိုးလည်း ဝယ်ဖို့ခက်နေကြတာ။ ကျောင်းစရိတ်မနိုင်လို့ အိမ်မှာ ကျောင်းသားလေးယောက်ရှိတဲ့ မိသားစုဆို ကျောင်းထုတ်လိုက်ရတဲ့အထိ ဖြစ်နေတယ်” လို့ ပြောပါတယ်။

 

ကျောင်းဝတ်စုံ သတ်မှတ်ချက် ဖြေလျှော့ထားတာက စစ်ဘေးကာလမှာ မိသားစုတွေအတွက် အဝတ်အစားကုန်ကျစရိတ်ကိုလည်း တိုးလာစေတယ်လို့ မိဘတွေက ပြောပါတယ်။

 

ဘူးသီးတောင်မြို့နယ် အတွင်းငှက်သေးကျေးရွာက ကျောင်းသားမိဘတစ်ဦးက “အရင်က ကျောင်းဝတ်စုံ သီးသန့်ရှိရင် ၃ စုံ၊ ၄ စုံ ဝယ်ပေးလိုက်ရင် ရတယ်။ အခုက အင်္ကျီတွေကလည်း စရိတ်တစ်ခု ဖြစ်နေတယ်။ သားသမီးတွေ လူများနည်းတူ ဝတ်နိုင်ဖို့အတွက်လည်း ရုန်းကန်ရတယ်။ အလုပ်အကိုင်ကလည်း မကောင်းဘူး” လို့ ပြောပါတယ်။

 

စစ်ပွဲ၊ အလုပ်အကိုင်ရှားပါးမှုနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြားမှာ မိဘတချို့ဟာ သားသမီးတွေရဲ့ ပညာရေးမပြတ်စေဖို့ အတိုးနဲ့ ငွေချေးယူလာကြပါတယ်။

 

ဒေသတွင်း ငွေချေးယူရာမှာ ပိုင်ဆိုင်မှုတစ်စုံတစ်ရာ ဒါမှမဟုတ် လုပ်ငန်းရှိသူတွေသာ ချေးငွေရရှိနိုင်ပြီး တစ်လကို ကျပ် ၁၀၀ အပေါ် အတိုး ၅ ကျပ်၊ ၅ ရာခိုင်နှုန်းခန့် ပေးရတယ်လို့ သိရပါတယ်။ ရွှေထည်ပစ္စည်းတွေ ပေါင်နှံရင်တော့ တစ်လကို ၃ ရာခိုင်နှုန်းခန့် အတိုးပေးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

မြေပုံမြို့နယ် ထူးချေကျေးရွာက အသက် ၄၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ကျောင်းဖွင့်ရာသီအတွက် စာအုပ်၊ ကျောင်းစရိတ်၊ အဝတ်အထည်၊ မုန့်ဖိုးနဲ့ အိမ်သုံးစရိတ်တွေ ဖြေရှင်းဖို့ ငွေကျပ် သိန်း ၂၀ ခန့် ချေးယူထားရတယ်လို့ ပြောပါတယ်။

 

“၁၁ တန်းတက်ရမယ့် ကလေးတစ်ယောက်ကို ကျောင်းခဏနားခိုင်းပြီး အလုပ်သွင်းထားရတယ်။ သူ့လုပ်ခနဲ့ အတိုးဆပ်နိုင်အောင်လို့ပါ။ သူက ရေးတတ်ဖတ်တတ်နေပြီဆိုတော့ တခြားကလေးတွေ စာတတ်ဖို့က ပိုအရေးကြီးတယ်။ ပေါင်နှံစရာပစ္စည်းမရှိတော့ အတိုးနှုန်းကများပြီး အဆင်မပြေဘူး” လို့ သူက ပြောပါတယ်။

 

သားသမီးတွေ ပညာရေးမပြတ်စေဖို့ အတိုးနဲ့ငွေချေးယူရတာ၊ ကလေးတစ်ဦးကို ကျောင်းနားခိုင်းပြီး အလုပ်လုပ်စေတာတွေဟာ စစ်ဘေးနဲ့ စီးပွားရေးအခက်အခဲကြား ရခိုင်ဒေသက မိသားစုတွေရဲ့ ပညာရေးအပေါ် ရင်ဆိုင်နေရတဲ့ ဖိအားကို ဖော်ပြနေပါတယ်။

 

ဓာတ်ပုံ – CJ

CJ