ဘယ်လာရုစ်ဆီကနေ မင်းအောင်လှိုင် ရယူ့မယ့် ချေးငွေက ဘာတွေ ဖြစ်လာနိုင်လဲ 

Author CJ Platform
Categories
Published on Oct 07, 2026

ဘယ်လာရုစ်နိုင်ငံမှာရှိတဲ့ Development Bank of the Republic of Belarus (DBRB) နဲ့ Belinvestbank JSC တို့ဆီကနေ ပို့ကုန်ချေးငွေရယူဖို့ စစ်ကောင်စီက ကြိုးပမ်းနေတဲ့ သတင်းဟာ မြန်မာနဲ့ ဘယ်လာရုစ်ကြား တိုးမြှင့်လာနေတဲ့ စီးပွားရေးနဲ့ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်စောင့်ကြည့်ဖို့ အချက်ပြလိုက်တာပဲ ဖြစ်ပါတယ်။

 

အောက်တိုဘာ ၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်အုစ်ုလက်အောက်ခံ လွှတ်တော်အစည်းအဝေးမှာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ဘယ်လာရုစ်ဘဏ် ၂ ခုဆီကနေ ပို့ကုန်ချေးငွေရယူဖို့ သဘောတူညီချက် တောင်းခံခဲ့တာပါ။

 

စစ်အုပ်စုရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာတဲ့ အချက်အလက်တွေအရ ဒီချေးငွေဟာ မြန်မာအစိုးရဌာနတွေ ဒါမှမဟုတ် ပုဂ္ဂလိကအဖွဲ့အစည်းတွေအနေနဲ့ ဘယ်လာရုစ်ဆီက ပစ္စည်းဝယ်ရင် ငွေတိုက်ရိုက်ပေးစရာမလိုဘဲ ဘယ်လာရုစ်ဘဏ်တွေကနေ ငွေချေးပြီး ပေးချေမယ့် “ပို့ကုန်ချေးငွေ (Export Credit)” ပုံစံမျိုး ဖြစ်ပါတယ်။

 

ဒီချေးငွေအတွက် ဆိုင်းငံ့ကာလ (Grace Period) ကို အများဆုံး ၁ နှစ် သတ်မှတ်ထားပြီး ချေးငွေသက်တမ်းကတော့ ၁ နှစ်ကနေ ၅ နှစ်အထိ ဖြစ်ပါတယ်။ ထူးခြားတာက ချေးငွေကို အမေရိကန်ဒေါ်လာ (USD)၊ ယူရို (EUR) တို့အပြင် ရုရှားရူဘယ် (RUB)၊ ဘယ်လာရုစ် ရူဘယ် (BYN) နဲ့ တရုတ်ယွမ် (CNY) စတဲ့ ငွေကြေး ၅ မျိုးထဲကနေ ကြိုက်နှစ်သက်ရာနဲ့ ရယူနိုင်တယ်လို့ ဆိုပါတယ်။ အနောက်အုပ်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ဒေါ်လာနဲ့ ငွေပေးချေဖို့ ခက်ခဲနေချိန်မှာ ရူဘယ် ဒါမှမဟုတ် ယွမ်ကို အစားထိုး အသုံးပြုလာနိုင်ခြေ ရှိနေပါတယ်။

 

အတိုးနှုန်းအနေနဲ့ကတော့ ချေးယူမယ့် ငွေကြေးအမျိုးအစားနဲ့ ဝယ်ယူမယ့် ပစ္စည်းအုပ်စုအပေါ် မူတည်ပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာလ ပေါက်ဈေးအရ အနည်းဆုံး ၂ ဒသမ ၂၅ ရာခိုင်နှုန်းကနေ အများဆုံး ၉ ဒသမ ၃၃ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ဒါ့အပြင် ချေးငွေသက်တမ်းအပေါ် မူတည်ပြီး အတိုးနှုန်းအပြင် အာမခံကြေးကိုပါ ထပ်ဆောင်း ပေးဆောင်ရဦးမှာ ဖြစ်ပါတယ်။

 

လွှတ်တော်မှာ ရှင်းလင်းချက်အရ ဒီပို့ကုန်ချေးငွေနဲ့ ဘယ်လာရုစ်နိုင်ငံထုတ် “ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုန်ပစ္စည်းတွေ၊ ကြားခံကုန်စည်တွေ၊ လူသုံးကုန်ပစ္စည်းတွေနဲ့ တခြားကုန်ပစ္စည်းတွေ” ကို ဝယ်ယူသွားမယ်လို့ ယေဘုယျ ခေါင်းစဉ်တပ်ထားပါတယ်။

 

ဒါပေမယ့် ဘယ်လာရုစ်ဆီကနေ ဘာပစ္စည်းတွေကို တိတိကျကျ ဝယ်ယူမယ်၊ “စုစုပေါင်း ချေးငွေပမာဏ ဘယ်လောက်ရယူမယ်” ဆိုတဲ့ အရေးအကြီးဆုံး အချက်အလက် နှစ်ခုလုံးကို စစ်အုပ်စုဘက်က အခုချိန်ထိ ထုတ်မပြောသေးပါဘူး။ ဒီအချက်ကပဲ အခုသတင်းရဲ့ အရေးအကြီးဆုံး မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

 

ဘယ်လာရုစ်ဆိုတာ ဥရောပအရှေ့ပိုင်းမှာရှိပြီး လူဦးရေ ၉ သန်းကျော်ရှိတဲ့ နိုင်ငံတစ်နိုင်ငံပါ။ နိုင်ငံပိုင်လုပ်ငန်းတွေရဲ့ အခန်းကဏ္ဍ ကြီးမားတဲ့ စီးပွားရေးစနစ်ကို ကျင့်သုံးပြီး အဓိက ပို့ကုန်တွေထဲမှာ ဓာတ်မြေဩဇာ၊ ရေနံဓာတုပစ္စည်းတွေ၊ စိုက်ပျိုးရေးထွက်ကုန်တွေအပြင် အကြီးစားစက်ယန္တရားတွေလည်း ပါဝင်ပါတယ်။

 

ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်ကနေ ထောက်ခံခဲ့တာရယ်၊ အစိုးရရဲ့ မူဝါဒတွေရယ်ကြောင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂ (EU) တို့က ဘယ်လာရုစ်အပေါ် စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။ ၂၀၂၆ မတ်လမှာ အမေရိကန်က Belinvestbank နဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တချို့ကို ဖြေလျှော့ပေးခဲ့ပေမယ့် EU ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လမှာတင် ဘယ်လာရုစ်ရဲ့ စစ်ရေးနဲ့ နည်းပညာစွမ်းရည် တိုးတက်စေနိုင်တဲ့ ပစ္စည်းတွေအပေါ် ကန့်သတ်ချက်တွေကို ထပ်မံ တင်းကျပ်ထားပါသေးတယ်။

 

မြန်မာ-ဘယ်လာရုစ် ဆက်ဆံရေးဟာ စီးပွားရေးကဏ္ဍတစ်ခုတည်းမှာတင် ရပ်တန့်မနေပါဘူး။

 

၂၀၂၆ မေလကုန်ပိုင်းကတင် မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဘယ်လာရုစ်ကို သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဆွေးနွေးခဲ့သလို စစ်ဘက်နည်းပညာစက်ရုံတွေကိုပါ သွားရောက်လေ့လာခဲ့ပါတယ်။ Justice For Myanmar (JFM) ရဲ့ ၂၀၂၅ ခုနှစ် ဖော်ထုတ်ချက်တစ်ခုမှာဆိုရင်လည်း ဘယ်လာရုစ်ဘက်က မြန်မာစစ်တပ်အတွက် လေကြောင်းကာကွယ်ရေးနည်းပညာနဲ့ ရေဒါစနစ်တွေ ပံ့ပိုးမှုရှိနေတယ်လို့ ဖော်ပြထားပါတယ်။

 

ဒါကြောင့်မို့လို့ မြန်မာက ဘယ်လာရုစ်ဘဏ်တွေဆီကနေ ချေးငွေယူပြီး ဝယ်ယူမယ့် “ခေတ်မီစက်ပစ္စည်းနဲ့ နည်းပညာတွေ” ဟာ စစ်ရေးနောက်ခံနဲ့ လုံးဝ ကင်းရှင်းတယ်လို့ ယူဆလို့ မရပါဘူး။ အထူးသဖြင့် ရှင်းလင်းချက်ထဲက “ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုန်ပစ္စည်းများ၊ ကြားခံကုန်စည်များ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး (Dual-use) နည်းပညာတွေ ပါဝင်လာနိုင်ခြေ ရှိ/မရှိ ဆိုတာကို သေချာ စောင့်ကြည့်ရပါလိမ့်မယ်။

 

မြန်မာက ဘယ်လာရုစ်ဆီကနေ ပို့ကုန်ချေးငွေရယူဖို့ လုပ်ဆောင်နေတာဟာ သီးခြားဖြစ်ရပ်တစ်ခုထက် နှစ်နိုင်ငံကြား စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုများပြားလာနေတဲ့ လမ်းကြောင်းတစ်ခုအဖြစ် မြင်နိုင်ပါတယ်။ စုစုပေါင်း ချေးငွေပမာဏနဲ့ တိကျတဲ့ ပစ္စည်းစာရင်းတွေကိုသာ ဖုံးကွယ်ထားဦးမယ်ဆိုရင်တော့ ဒီချေးငွေဟာ ရိုးရိုး ကုန်သွယ်ရေးကိစ္စ သက်သက်ပါပဲလို့ ယုံကြည်ဖို့ ခက်ခဲနေဦးမှာပဲ ဖြစ်ပါတယ်။