ဒီပဲယင်းမှာ ပကဖ ဒုတာဝန်ခံအပါအဝင် ၂ ဦး ပစ်သတ်ခံရပြီး ငွေကျပ် သိန်း ၂၀၀ လုယက်ခံရ
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ဘုတလင်မြို့နယ် နတ်ရွာကျေးရွာ ပကဖ ဒုတာဝန်ခံအပါအဝင် ၂ ဦး ပစ်သတ်ခံရပြီး MA-1 သေနတ် ၂ လက်နဲ့ ငွေကျပ် သိန်း ၂၀၀ လုယက်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဖြစ်စဉ်ဟာ အောက်တိုဘာ ၄ ရက် ညနေ ၆ နာရီခွဲခန့်က ဒီပဲယင်းမြို့နယ်၊ တိုက်ရွာနဲ့ အုတ်ရှစ်ကြီးရွာကြားမှာ ဖြစ်ခဲ့တာပါ။
ဘုတလင်မြို့နယ် နတ်ရွာကျေးရွာ ပကဖ ဒုတာဝန်ခံနဲ့ ရဲဘော်တစ်ဦးဟာ ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာကနေ KPay နဲ့ ငွေကျပ် သိန်း ၂၀၀ ထုတ်ယူပြီး ပြန်လာချိန် ဆိုင်ကယ် ၂ စီးနဲ့ လိုက်လာတဲ့ လူတစ်စုက သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်မှုကြောင့် ပကဖ ဒုတာဝန်ခံနဲ့ ရဲဘော်တစ်ဦးတို့ဟာ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပြီး သူတို့ထံမှာပါလာတဲ့ MA-1 သေနတ် ၂ လက်နဲ့ ငွေကျပ် သိန်း ၂၀၀ ကို ပစ်ခတ်သူတွေက ယူဆောင်သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
ဖြစ်စဉ်မှာ ပါဝင်တယ်လို့ ယူဆရသူတွေကို လိုက်လံစုံစမ်းရာမှာ ၃ ဦး ဖမ်းဆီးရမိခဲ့ပြီး ၁ ဦးကို ဖြစ်စဉ်အပြီးမှာ ဖမ်းဆီးရမိကာ ကျန်လင်မယား ၂ ဦးကိုတော့ ဝက်လက်မြို့နယ်ဘက် ထွက်ပြေးစဉ် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်မှာ ရွှေဘိုအနောက်မြောက်ခြမ်းက “ဗိုလ်ကျားရိုင်း” အဖွဲ့နဲ့ ဆက်စပ်သူတွေ ပါဝင်တယ်လို့ ဒေသခံတစ်ဦးက ပြောဆိုထားပေမယ့် ဒီအချက်ကို CJ Platform အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လက်ရှိ ဖမ်းဆီးရမိထားသူတွေကို တော်လှန်ရေးတရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်နဲ့အညီ ဆက်လက်စစ်ဆေးအရေးယူနေတယ်လို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ ဖမ်းဆီးရမိမှုအခြေအနေတွေကို CJ Platform အနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေပါတယ်။
