မလေးရှားမှာ မင်းအောင်လှိုင် တည်းခိုတဲ့ ဟိုတယ်ရှေ့အပါအဝင် ကွာလာလန်ပူက နေရာ ၅ ခုမှာ ဆန္ဒအပြခံရ

Author CJ Platform
Categories
Published on Oct 08, 2026

စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုတဲ့ ဟိုတယ်ရှေ့အပါအဝင် မလေးရှားနိုင်ငံ၊ ကွာလာလန်ပူမြို့က လူစည်ကားရာ နေရာ ၅ ခုမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ မလေးရှားအစိုးရအနေနဲ့ မြန်မာစစ်အုပ်စုကို တရားဝင်အဖြစ် အသိအမှတ်မပြုရေး တောင်းဆိုတဲ့ လှုပ်ရှားမှုတွေကို မရှိ ထောက်ပို့အဖွဲ့က ပြုလုပ်ခဲ့ပါတယ်။

 

အဲဒီလှုပ်ရှားမှုတွေကို Ampang Park၊ မင်းအောင်လှိုင် တည်းခိုတဲ့ ဟိုတယ်ရှေ့၊ Jalan Ampang Park 2၊ Kota Raya 2 နဲ့ Kg Attap 1 နေရာတွေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

လှုပ်ရှားမှုမှာ “Stand With the People of Myanmar Not Military Rule”၊ “Malaysia: Please Do Not Legitimize Military Rule in Myanmar”၊ “Let the People Choose Their Leader”၊ “A Nation Is Not One Person’s Property” နဲ့ “Meet the People, Not Their Oppressor” စတဲ့ စာတန်းတွေ ပါတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

 

မရှိ ထောက်ပို့အဖွဲ့က ဒီလှုပ်ရှားမှုရဲ့ အဓိကရည်ရွယ်ချက်ဟာ မင်းအောင်လှိုင်ကို မြန်မာနိုင်ငံသမ္မတအဖြစ် အသိအမှတ်မပြုရေး၊ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးရေး၊ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ရေးနဲ့ မလေးရှားအစိုးရအနေနဲ့ မြန်မာစစ်အုပ်စုကို အသိအမှတ်မပြုရေး တောင်းဆိုတာဖြစ်တယ်လို့ ပြောထားပါတယ်။

 

ဒါ့အပြင် မလေးရှားလွှတ်တော်အမတ်ဟောင်း Wong Chen၊ မလေးရှားလူ့အခွင့်အရေး အရပ်ဘက်အဖွဲ့တွေ၊ မလေးရှားရောက် မြန်မာနိုင်ငံသားအရေး တက်ကြွလှုပ်ရှားနေတဲ့ Myanmar Affairs Alliance (MAA) တို့ ပူးပေါင်းပြီး မင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတစ်ခုကိုလည်း အောက်တိုဘာ ၈ ရက်မှာ ကွာလာလန်ပူမြို့ရှိ KLSCAH ခန်းမမှာ ကျင်းပခဲ့ပါတယ်။

 

Wong Chen ဟာ အာဆီယံလွှတ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်ရဲ့ မြန်မာစစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံမှုတွေအပေါ် ဝေဖန်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

 

မင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်နဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံအတွင်း မြန်မာစစ်အုပ်စုကို အသိအမှတ်မပြုရေး တောင်းဆိုမှုတွေ ဆက်လက်ထွက်ပေါ်နေပါတယ်။

 

ဓာတ်ပုံ – နေရိုင် (မရှိခဏ)