ပြည်တွင်းငရုတ်သီးခြောက် တစ်ပိဿာ ကျပ် ၃၈,၀၀၀ အထိ ဈေးမြင့်တက်
ပြည်တွင်းဈေးကွက်မှာ စားသုံးမှုများတဲ့ ငရုတ်သီးခြောက်ဈေးနှုန်းဟာ အောက်တိုဘာ ၁၀ ရက်မှာ တစ်ပိဿာကို ကျပ် ၃၈,၀၀၀ အထိ မြင့်တက်လာတယ်လို့ စားသုံးသူတွေနဲ့ ရောင်းချသူတွေဆီက သိရပါတယ်။
ရပ်ကွက်ဈေးတွေမှာ ငရုတ်သီးခြောက် ၁၀ ကျပ်သားဈေးနှုန်းဟာ ဝက်သား၊ အမဲသားဈေးနှုန်းတွေနဲ့ ယှဉ်ပြိုင်လာပြီး အမျိုးအစားအလိုက် ကျပ် ၃,၀၀၀ ကနေ ၄,၀၀၀ အထိ ပေးဝယ်နေရတယ်လို့ အိမ်ရှင်မတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဈေးထဲမှာ ငရုတ်သီးခြောက်ဈေးက ဝက်သား၊ အမဲသားဈေးနဲ့ တူသွားပြီ။ ၁၀ ကျပ်သားကို အညံ့စားဆို ကျပ် ၃,၀၀၀၊ အကောင်းစားဆို ကျပ် ၃,၈၀၀၊ အညှာချွေပြီးသားဆို ကျပ် ၄,၀၀၀ ပေးရတယ်။ ဈေးက အကုန်တက်နေတာ” လို့ သူက ပြောပါတယ်။
ငရုတ်သီးခြောက်ဈေးဟာ အမျိုးအစားအလိုက် တစ်ပိဿာကို ကျပ် ၂၁,၀၀၀ ကျော်ကနေ ကျပ် ၃၈,၀၀၀ အထိ ရှိလာတယ်လို့ ရောင်းချသူတစ်ဦးက ပြောပါတယ်။
“ပန်းဆွဲ AC တစ်ပိဿာကို ကျပ် ၂၁,၀၀၀ ကနေ ၂၃,၀၀၀ အထိရှိတယ်။ ဆင်ဖြူကျွန်းပွဆို တစ်ပိဿာကို ကျပ် ၃၆,၀၀၀ ကနေ ၃၈,၀၀၀ ရှိတယ်။ လတ်တလော ကျဖို့တော့ မရှိဘူး၊ ဆက်တက်မယ့်အနေအထားပဲရှိတယ်” လို့ သူက ပြောပါတယ်။
အောက်တိုဘာ ၁၀ ရက် မနက်ပိုင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပန်းရဲနဲ့မြှားနီဟာ တစ်ပိဿာ ကျပ် ၂၃၀၀၀ ဝန်းကျင်၊ မိုးထောင် ကျပ် ၂၂၀၀၀ ဝန်းကျင်၊ ဆက ကျပ် ၂၅၀၀၀ ဝန်းကျင်၊ ဆင်ဖြူကျွန်းပွဟာ ကျပ် ၃၈၀၀၀ ကျပ်ဝန်းကျင်ထိ ရှိနေကာ ဈေးနှုန်းတွေဟာ ငရုတ်သီးအမျိုးအစားအလိုက် ကွာခြားပြီး ဒီနှစ်မှာ ဈေးပြန်လည်ကောင်းမွန်လာတာလို့ လက်ကားရောင်းချသူတစ်ဦးက ပြောပါတယ်။
“အရင်နှစ်တွေက ငရုတ်ဈေးက ကျလိုက်၊ တက်လိုက်ဖြစ်နေတာ။ ဒီနှစ်မှ ဈေးပြန်ကောင်းလာတာ။ ဈေးကလည်း ဒီရက်ပိုင်းမှ တက်လာတာ။ ငရုတ်စိုက်တောင်သူတွေအတွက် ကောင်းတာပေါ့” လို့ သူက ပြောပါတယ်။
ငရုတ်သီးခြောက်ဈေးနှုန်း အတက်အကျမြန်တာကြောင့် ဝယ်ယူသိုလှောင်ထားသူ နည်းပါးတယ်လို့လည်း သူက ဆိုပါတယ်။
မြန်မာနိုင်ငံက ထွက်ရှိတဲ့ ငရုတ်သီးအစိုနဲ့ အခြောက်တွေကို ထိုင်း၊ တရုတ်၊ မလေးရှား၊ ဂျပန်နဲ့ ဗီယက်နမ်နိုင်ငံတွေက ဝယ်ယူလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ နိုင်ငံအချို့က အမှာစာတွေ လျော့နည်းလာတယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
“အများဆုံးတင်ပို့တာ ထိုင်းနဲ့ တရုတ်များတယ်။ သူတို့အကြိုက် ငရုတ်ခြောက်တွေရှိတယ်။ ပခုက္ကူ၊ ကျောက်ဆည်နဲ့ မုံရွာဘက်က ငရုတ်တွေကို အစိုရော၊ အခြောက်ရော ယူကြတယ်။ မလေးရှားကိုလည်း တစ်ခါတလေ တင်ပို့ရတာရှိတယ်။ ဒီနှစ် အမှာနည်းတယ်” လို့ သူက ရှင်းပြပါတယ်။
စိုက်ပျိုးရေးဦးစီးဌာနရဲ့ ၂၀၂၄-၂၀၂၅ ခုနှစ် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ရှမ်းပြည်တောင်ပိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ ငရုတ်ကို အများဆုံး စိုက်ပျိုးကြပြီး နှစ်စဉ် ငရုတ်သီးအစိုနဲ့ အခြောက် စုစုပေါင်း တင်း ၂၇ သန်းကျော် ထွက်ရှိတယ်လို့ သိရပါတယ်။
