မင်းအောင်လှိုင် မလေးရှားသွားပြီ၊ ကန့်ကွက်မှုများနေတဲ့ မြန်မာနိုင်ငံသား ပြန်ပို့ရေး အဓိကဆွေးနွေးမယ်

Author CJ Platform
Categories
Published on Oct 07, 2026

စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ဟာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ရဲ့ ဖိတ်ကြားချက်နဲ့ အောက်တိုဘာ ၇ ရက်ကနေ ၈ ရက်အထိ မလေးရှားနိုင်ငံကို ၂ ရက်ကြာ သွားရောက်မှာဖြစ်ပြီး မလေးရှားမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ပို့ဆောင်ရေးကိစ္စကို အဓိက ဆွေးနွေးသွားမယ် လို့ သိရပါတယ်။

 

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်ချက်အရ အန်ဝါအီဘရာဟင်နဲ့ မင်းအောင်လှိုင်တို့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံသားတွေကို ဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိနဲ့ လုံခြုံစွာ ပြန်လည်ပို့ဆောင်ရေးအပြင် မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အာဆီယံယန္တရားတွေအောက်က ဆောင်ရွက်နေမှုတွေကိုလည်း ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

 

ဒီခရီးစဉ်ဟာ မလေးရှားက စက်တင်ဘာ ၂၉ ရက်မှာ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးနောက် ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အဲဒီ ပြန်ပို့မှုဟာ မြန်မာနိုင်ငံသား ၅,၀၀၀ ခန့်ကို အဆင့်ဆင့် ပြန်ပို့ဖို့ စီစဉ်ထားတဲ့ အစီအစဉ်ရဲ့ ပထမအဆင့်ဖြစ်ပါတယ်။

 

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အောက်တိုဘာ ၆ ရက်မှာ မလေးရှားလွှတ်တော်အတွင်း ပြောကြားရာမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီကစပြီး မြန်မာနိုင်ငံသား ၁၀,၀၀၀ ခန့်ကို မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြန်လည်လက်ခံမယ့် မြန်မာဘက်က ပြန်လာသူတွေကို သင့်လျော်စွာ ဆက်ဆံပြီး အနိုင်ကျင့်မှု၊ ဖိနှိပ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိစေရန် အာမခံချက်လိုအပ်တယ်လို့ ပြောပါတယ်။

 

ဒါပေမယ့် မလေးရှားရဲ့ ပြန်ပို့ရေးအစီအစဉ်အပေါ် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်မှုတွေ ထုတ်ဖော်ထားပါတယ်။

 

Human Rights Watch (HRW) က အောက်တိုဘာ ၆ ရက်မှာ မလေးရှားအစိုးရအနေနဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာနိုင်ငံသို့ ထပ်မံပြန်ပို့မယ့် အစီအစဉ်တွေကို ရပ်ဆိုင်းသင့်တယ်လို့ တောင်းဆိုထားပါတယ်။ အထူးသဖြင့် ရိုဟင်ဂျာတွေနဲ့ မြန်မာနိုင်ငံက အခြားလူမျိုးစုတွေဟာ ပြန်လည်ရောက်ရှိချိန်မှာ ဖိနှိပ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရင်ဆိုင်ရနိုင်တာကြောင့် ပြန်ပို့မှုဟာ အန္တရာယ်ရှိနိုင်တယ်လို့ HRW က ဆိုပါတယ်။

 

စက်တင်ဘာ ၂၉ ရက်က ပြန်ပို့ခဲ့တဲ့ ၁,၄၇၆ ဦးမှာ အမျိုးသား ၁,၃၇၀ ဦး၊ အမျိုးသမီး ၇၉ ဦး၊ ယောက်ျားလေး ၂၀ ဦးနဲ့ မိန်းကလေး ၇ ဦး ပါဝင်ပြီး အသက် ၈ နှစ်ကနေ ၆၀ နှစ်အထိ ရှိတယ်လို့ HRW ရဲ့ အချက်အလက်မှာ ဖော်ပြထားပါတယ်။ ၎င်းတို့ကို မလေးရှားနိုင်ငံ Lumut ရေတပ်စခန်းကနေ မြန်မာရေတပ်သင်္ဘော ၂ စင်းနဲ့ ဆေးရုံသင်္ဘော ၁ စင်း အသုံးပြုပြီး ပြန်ပို့ခဲ့တာဖြစ်ပါတယ်။

 

မလေးရှားအစိုးရက အဆိုပါပြန်ပို့မှုဟာ ဆန္ဒအလျောက်၊ လုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်ပို့ခဲ့တာလို့ ပြောထားပေမယ့် HRW ကတော့ ပြန်ပို့ခံရသူတွေဟာ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေကနေ တိုက်ရိုက်ပြန်ပို့ခံရတာဖြစ်တဲ့အတွက် သူတို့ရဲ့ သဘောတူညီချက်ဟာ အမှန်တကယ် လွတ်လပ်စွာပေးခဲ့တာ ဟုတ်၊ မဟုတ်အပေါ် စိုးရိမ်မှုရှိတယ်လို့ ဖော်ပြထားပါတယ်။

 

မင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုနဲ့ ပြုလုပ်တဲ့ အရေးပါတဲ့ နှစ်နိုင်ငံဆက်ဆံရေးခရီးစဉ်တစ်ခုလည်း ဖြစ်ပါတယ်။

 

လက်ရှိမှာတော့ မလေးရှားရဲ့ မြန်မာနိုင်ငံသား ပြန်ပို့ရေးအစီအစဉ်ကို နောက်ထပ် ဘယ်နှစ်ဦးအထိ ဆက်လက်အကောင်အထည်ဖော်မလဲ၊ ပြန်ပို့ခံရသူတွေရဲ့ လုံခြုံရေးနဲ့ အခွင့်အရေးတွေကို ဘယ်လိုအာမခံမလဲဆိုတာတွေဟာ မင်းအောင်လှိုင်နဲ့ အန်ဝါအီဘရာဟင်တို့ရဲ့ ဆွေးနွေးပွဲမှာ အဓိကစောင့်ကြည့်ရမယ့် အချက်တွေ ဖြစ်လာပါတယ်။

 

ဓာတ်ပုံ – Pro-SAC