အိမ်တစ်အိမ် တစ်နေ့ ၃ သောင်းနီးပါးကုန်မှ ဝမ်းဝတဲ့အခြေအနေ ရောက်လာ
အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ စားအုန်းဆီ၊ ဆား၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့ ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတာကြောင့် နေ့စားအလုပ်သမားနဲ့ လခစားဝန်ထမ်းတွေ ဝင်ငွေနဲ့ အသုံးစရိတ် မမျှတတော့ဘဲ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ အိမ်ရှင်မတွေနဲ့ အလုပ်သမားတွေထံက သိရပါတယ်။
စက်တင်ဘာကုန်ပိုင်းကစပြီး တဖြည်းဖြည်း မြင့်တက်လာတဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေကြောင့် ဈေးဝယ်ထွက်ဖို့တောင် အခက်အခဲဖြစ်လာတယ်လို့ အိမ်ရှင်မတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဈေးသွားရမှာတောင် ကြောက်တယ်။ ဆီက ဒီမနက် ၁၀ သားကို ၂,၆၅၀ ဖြစ်သွားပြီ။ ကြက်သွန်နီက ၁၀ သားကို ၁,၃၀၀၊ အဖြူက ၂,၀၀၀၊ ဆန်တစ်ပြည်ကို ၈,၀၀၀။ အသားငါးမစားဘဲ ဟင်းသီးဟင်းရွက်စားမယ်ဆိုရင်တောင် ပဲစည်းတစ်စည်း ၁,၂၀၀၊ ၁,၅၀၀၊ ကန်စွန်းရွက်တစ်စည်း ၁,၅၀၀ ဖြစ်နေတယ်” လို့ ဆိုပါတယ်။
တစ်ရက်လုပ်ခ ၂ သောင်းကျော်သာရရှိတဲ့ နေ့စားအလုပ်သမားတွေအနေနဲ့ ဝင်ငွေနဲ့ အသုံးစရိတ် မမျှတတော့တာကြောင့် အိမ်မှာ အလုပ်လုပ်နိုင်သူအားလုံး အလုပ်ထွက်လုပ်ရတဲ့ အခြေအနေကို ရောက်လာတယ်လို့ နေ့စားအလုပ်သမားတစ်ဦးက ပြောပါတယ်။
“အရင်က မိဘတစ်ယောက်ရှာရင် သားသမီး ၃ ယောက် ထိုင်စားလို့ရတယ်။ အခု အိမ်မှာ အလုပ်လုပ်နိုင်တဲ့သူ ၃ ယောက်ရှိရင် ၃ ယောက်လုံး အလုပ်ထွက်လုပ်မှ ဝမ်းဝတဲ့အခြေအနေမျိုး။ ဘာကြောင့်လဲဆိုတော့ ဝင်ငွေနဲ့ ထွက်ငွေက မမျှတဘူးလေ” လို့ ပြောပါတယ်။
ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာတဲ့ဒဏ်ကို နေ့စားအလုပ်သမားတွေနဲ့ လခစားဝန်ထမ်းအများစု ခံနေရပြီး ဝင်ငွေနဲ့ အသုံးစရိတ် မမျှတတာကြောင့် ဝန်ထမ်းတွေကြား လာဘ်ပေးလာဘ်ယူမှုတွေ ဖြစ်လာရတယ်လို့ လခစားဝန်ထမ်းတစ်ဦးက ပြောပါတယ်။
“ဝန်ထမ်းတွေ လာဘ်စားတာလည်း မပြောနဲ့။ ရတဲ့လစာ ၂ သိန်း၊ ၃ သိန်းက ဆန်တစ်အိတ်ဖိုးတောင် မရှိဘူး။ ကုန်ဈေးနှုန်းဒဏ်ကို အကုန်လုံး ခါးစည်းခံရတာ။ တစ်ဦးတစ်ယောက် အဆင်ပြေတာကြည့်ပြီး အားလုံးအဆင်ပြေတယ်လို့ တွက်မယ်ဆိုရင် မှားတာပေါ့” လို့ ဆိုပါတယ်။
အာဏာမသိမ်းခင်က အိမ်တစ်အိမ်ရဲ့ နေ့စဉ်အသုံးစရိတ် ၅,၀၀၀ ကျပ်၊ ၁၀,၀၀၀ ကျပ်ဝန်းကျင်နဲ့ မိသားစုစားဝတ်နေရေး ဖြေရှင်းနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ တစ်အိမ်ထောင်ရဲ့ နေ့စဉ်အသုံးစရိတ် ၃ သောင်းကျပ်ဝန်းကျင် ရှိမှသာ အခြေခံစားဝတ်နေရေး ဖြေရှင်းနိုင်တဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
