PDF တွေနဲ့ ပတ်သက်ပြီး စစ်ဆေးစရာရှိတယ်လို့ဆိုတာ ကျောက်ကုန်သည်တစ်ဦးကို အမျိုးသား ၂ဦးက ခေါ်ဆောင်သွားပြီးနောက် ပိုက်ဆံလုသွားလို့ သိန်းတစ်သောင်းကျော် ပါသွား

Author CJ Platform
Categories
Published on Aug 19, 2026

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေ ကျောက်မျက် ရောင်းဝယ်ရေး စခန်းမှာ ဒီကနေ့ မနက် ၁၀ နာရီခွဲက ကျောက်ကုန်သည်တစ်ဦး လုယက်ခံရပြီး ငွေသားနဲ့ ကျောက်စိမ်း သိန်းတစ်သောင်းကျော် ပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

ဒီကနေ့ မနက် ၁၀ နာရီခွဲက မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ ရပ်ကွက်ရှိ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းမှာ အမည်မသိ အမျိုးသားနှစ်ဦးက ကျောက်ကုန်သည်တစ်ဦးကို စစ်ဆေးစရာ ရှိတယ်လို့ ပြောဆိုကာ ခေါ်ဆောင်သွားပြီး ကျောက်ဝိုင်း အပြင်ဘက်မှာ လုယက်ခဲ့တာ ဖြစ်တယ်လို့ ကျောက်ဝိုင်း အနီးနေသူ တစ်ဦးက CJ Platform ကို ပြောပြပါတယ်။

 

“PDF တွေနဲ့ ဆက်စပ်မှု ရှိလို့ စစ်ဆေးစရာ ရှိတယ်လို့ ဆိုပြီး ကျောက်ကုန်သည်ကို ခေါ်သွားပြီး ကျောက်ဝိုင်း အပြင်ဘက်မှာ ဓားထောက် လုသွားတာ။ ငွေတွေရော ကျောက်စိမ်းတွေရော သိန်းတစ်သောင်းကျော် ပါသွားတယ်” လို့ ပြောပါတယ်။

 

အမည်မသိ အမျိုးသားနှစ်ဦးဟာ ကျောက်ကုန်သည်ကို (၃၉) လမ်း၊ ၈၅ × ၈၇ လမ်းကြား အရောက်မှာ ဓားထောက် လုယက်ပြီး အိုးဝေ ငှားကာ ထွက်ပြေးသွားတယ်လို့ သူက ဆက်ပြောပြတာပါ။

 

လုယက်ခံရပြီးနောက် လုယက်သူ နှစ်ဦးကို စစ်အုပ်စုတပ်နဲ့ ရဲတွေဟာ မဟာအောင်မြေ ကျောက်မျက် ရောင်းဝယ်ရေး စခန်းနဲ့ မြို့တွင်းမှာ လိုက်လံ ရှာဖွေခဲ့ပေမဲ့ ဖမ်းဆီးရမိတာမျိုး မရှိသေးဘူးလို့ Non-CDM ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပြပါတယ်။

 

“ငွေသား သိန်း ၁၂,၀၀၀ ကျော်ပါတဲ့ အိတ်ရယ်၊ ကျောက်စိမ်း အထည်မျိုးစုံ သိန်း ၅၀၀ ကျော်ဖိုးလောက် ပါသွားတယ်။ အခုချိန်ထိ လုယက်သွားတဲ့သူ ၂ ယောက်ကို မမိသေးဘူး” လို့ ပြောပါတယ်။

 

လက်ရှိမှာ ပြစ်မှု ကျူးလွန်သူ အမျိုးသားနှစ်ဦးကို မဟာအောင်မြေမြို့နယ်၊ အမှတ် ၈ နယ်မြေရဲစခန်းက (ပ) ၁၄၈/၂၀၂၆၊ ရာသင်္ကေတ ပုဒ်မ ၃၇၉ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

 

အခုနှစ် ဖေဖော်ဝါရီလ ၁ ရက် ည ၈ နာရီကလည်း မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေ အနောက် ရပ်ကွက်မှာ ဆိုင်သိမ်းပြီး ပြန်လာတဲ့ အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ပြီး ဆိုင်ကယ် လုသွားတဲ့ ဖြစ်စဉ်လည်း ရှိခဲ့တာပါ။

 

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းက မဟာအောင်မြေမြို့နယ်မှာ လုယက်ဓားပြတိုက်မှု ၁၃ မှု ဖြစ်ခဲ့ပြီး အဲဒီထဲက ရွှေနန်းသုခ ရွှေဆိုင် ဓားပြတိုက်မှုထဲက ၂ ယောက်နဲ့ ဆိုင်ကယ် လုယက်မှုက ၆ ယောက်၊ စုစုပေါင်း ၈ ယောက်ကို စစ်အုပ်စု လက်အောက်ခံ ရဲတွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်