ပြည်မှာ စည်ပင်က ရေမီတာအသစ် မလဲရင် ရေဖြတ်မယ်လို့ ခြိမ်းခြောက်၊ တစ်အိမ်ကို ငွေကျပ် ၃ သိန်း တောင်းနေ

Author CJ Platform
Categories
Published on Aug 20, 2026

ပဲခူးတိုင်း၊ ပြည်မြို့မှာ စစ်အုပ်စု စည်ပင်သာယာရေးအဖွဲ့က ယခင် အသုံးပြုနေတဲ့ ရေမီတာတွေ ကောင်းမွန်နေပေမဲ့ မြစ်ရေမီတာအသစ် မလဲလှယ်ပါက ရေမီတာ ဖြုတ်သိမ်းပြီး ရေဖြတ်တောက်မယ်လို့ ဆိုကာ တစ်အိမ်ကို ငွေကျပ် ၃ သိန်း ပေးဆောင်ခိုင်းနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

 

မီတာအသစ် လဲလှယ်ခိုင်းတဲ့ စာရွက်တွေကို စည်ပင် မြစ်ရေ ရရှိတဲ့ ရပ်ကွက် အားလုံးကို အခုလ ဩဂုတ်လအတွင်းမှာ စည်ပင်အဖွဲ့က လိုက်လံ ဝေငှခဲ့ပြီး ဒီကနေ့ ဩဂုတ်လ ၂၀ ရက်နေ့မှာတင် အကြောင်းပြန်ဖို့ ဖိအားပေး ပြောဆိုခဲ့ကြတာပါ။

 

“ကျွန်တော်တို့အိမ်က ရေမီတာက ကောင်းသေးတာမို့ မလဲရင် ရသလားဆိုတော့ မလဲရင် မီတာ ဖြုတ်သိမ်းမယ်၊ ရေဖြတ်မယ်လို့ ပြောပါတယ်။ မနက်ဖြန် ဆောင်ရွက်ရမယ့်ဟာကို ဒီနေ့မှ လာပေးပြီး ဒီနေ့ပဲ အကြောင်းပြန်ခိုင်းတာ။ သူတို့ Facebook Official Page ကနေရော ဘာလို့ တရားဝင် မကြော်ငြာဘဲ ဒီလိုတွေ လုပ်တာလဲပါ သိချင်မိပါတယ်။ ပြည်သူတွေမှာ စားဝတ်နေရေးက တစ်မျိုး၊ ပေါ်တာဆွဲမှာ ကြောက်ရတာက တစ်မျိုး၊ မီတာခ ဈေးကြီးတာမျိုးနဲ့ သူတို့ စားဖို့ သောက်ဖို့ပဲ ချောင်းနေတာ” လို့ ပြည်မြို့ခံတစ်ဦးက CJ Platform ကို ဒီကနေ့ ဩဂုတ်လ ၂၀ ရက်နေ့မှာ ပြောပြပါတယ်။

 

စည်ပင်က တပ်ဆင်ခိုင်းတဲ့ ရေမီတာမှာ တစ်လုံးကို ကျပ် ၃ သိန်း ကုန်ကျမှာဖြစ်ပြီး ကတ်စနစ်နဲ့ ငွေဖြည့် သုံးစွဲရမှာဖြစ်ကာ ၁ ယူနစ်ကို ကျပ် ၂,၀၀၀ ဝန်းကျင် (ရေ ပေပါ ၄ လုံးစာခန့်) ကျသင့်မယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရတာပါ။

 

“ခု သုံးနေတဲ့ ပိုက်လိုင်းကလည်း ကာလတစ်ခုပဲ ရှိပါသေးတယ်။ အရင် ပိုက်အဟောင်းတွေ ရှိပါလျက်နဲ့ ရေမရတော့ မီတာနဲ့ ပိုက်လိုင်း ထပ်သွယ်ရတုန်းကလည်း သိန်းချီ ကုန်ခဲ့ပြီးပါပြီ။ ခုတစ်ခါ ထပ်ပြီး ၃ သိန်းလောက် ကုန်မယ်၊ မလုပ်ရင် ရေမပေးဘူးဆိုတော့ တကယ် စိတ်ဆင်းရဲရပါတယ်။ ကုန်ဈေးနှုန်းတွေကလည်း မိုးထိနေပြီး စားဖို့တောင် အနိုင်နိုင် ဖြစ်နေချိန် မဝယ်နိုင်၊ မတပ်နိုင်တဲ့သူတွေ အများကြီးပါပဲ” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက မှတ်ချက်ပြု ပြောဆိုထားပါတယ်။

 

ယခင်က စည်ပင် မြစ်ရေကို တစ်လကို ကျပ် ၁၂,၀၀၀ နဲ့ ပုံမှန် ပေးဆောင် သုံးစွဲခဲ့ရပေမဲ့ အဆိုပါ မီတာအသစ် မဝယ်နိုင်တဲ့ အိမ်တွေကိုတော့ ရေလုံးဝ မပေးတော့ဘူးလို့ ဆိုထားသည့်အပြင် လက်နှိပ် ရေတုံကင်နဲ့ ရေမော်တာတွေ အသုံးပြုခွင့်ကိုပါ ပိတ်ပင်ထားကြောင်း ဒေသခံတွေ၏ ပြောပြချက်အရ သိရပါတယ်။

 

အဆိုပါ ရေမီတာအသစ် လဲလှယ်တာနဲ့ ငွေကြေး ကောက်ခံတာနဲ့ ပတ်သက်ပြီး ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ မြို့ရေပေးရေးကတော့ တစ်စုံတစ်ရာ ထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။

 

ဒေသခံတွေရဲ့ အဆိုအရ စည်ပင်က ရောင်းချထားတဲ့ ယခင် မီတာအဟောင်းတွေအတွက် ကုန်ကျစရိတ်တွေကို ပြန်လည် ပေးလျော်တာမျိုး မရှိတဲ့အပြင် မြစ်ရေ ရယူဖို့ စုတ်ယူတဲ့ မော်တာဖိုးနဲ့ ရေစစ်ကန် စရိတ်တွေမှာလည်း ကြေလွန်နေပြီ ဖြစ်တာကြောင့် အကြောင်းမျိုးစုံ ပြကာ ငွေကြေး ကောက်ခံနေတဲ့ စည်ပင်အဖွဲ့ရဲ့ လုပ်ရပ်အပေါ် ပြည်သူတွေ အခက်အခဲ ဖြစ်ပေါ်နေကြကြောင်း သိရပါတယ်။